နိုင်ငံခြားပြန်လူငယ်တွေ ပြန်လည်ထွက်ခွာခွင့် စစ်ကောင်စီ တင်းကျပ်

RFA Burmese
2025.02.17
နိုင်ငံခြားပြန်လူငယ်တွေ ပြန်လည်ထွက်ခွာခွင့် စစ်ကောင်စီ တင်းကျပ် ပြည်ပထွက်ခွာမည့်သူများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။
Photo: RFA

ပြည်ပနိုင်ငံအသီးသီးမှာ အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံကို ခေတ္တပြန်လာတဲ့ စစ်မှုထမ်းအကျုံးဝင်လူငယ်တွေကို ပြည်ပပြန်လည်ထွက်ခွာခွင့် ကန့်သတ်ထားဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ပြောပါတယ်။

ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job)၊ အလည်အပတ် နိုင်ငံကူးလက်မှတ် PV (Passport for Visit) အမျိုးအစားနှစ်ခုလုံးနဲ့ ပြန်လာတဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ အတွင်း အမျိုးသားတွေကို ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက တရားဝင်စာထုတ် ကန့်သတ်တာမဟုတ်ဘဲ နှုတ်မိန့်နဲ့ ညွှန်ကြားထားတာလို့ ရန်ကုန်မြို့အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ပြည်ပနိုင်ငံက ပြန်ဝင်လာတဲ့သူတွေဟာ ဒီနိုင်ငံက စစ်ကောင်စီ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေအသစ်တွေအတိုင်းဖြစ်တယ်ဆိုပြီး ညွှန်ကြားလာတာ။ ရုံးစာတော့ မရောက်သေးဘူး၊ နှုတ်မိန့်လို့ ပြောတယ်။ ဒါကြောင့် ပြန်ထွက်ဖို့ အစီအစဉ်ရှိတဲ့သူတွေဟာ ပြန်မလာတာ အကောင်းဆုံးပဲ"

ပြည်တွင်းမှာရှိနေတဲ့ စစ်မှုထမ်းအကျုံးဝင် အမျိုးသားတွေကိုလည်း ပြည်ပထွက် အလုပ်လုပ်ခွင့်ရဖို့အတွက် တက်ရောက်ရတဲ့ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းကို တက်ရောက်ခွင့် မပေးတော့ဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ပြဋ္ဌာန်းပြီးနောက် လူငယ်တွေ ပြည်ပထွက်ခွင့်ကို ပိုပြီးတင်းကျပ်လိုက်တာလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောကြပါတယ်။

စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ပုဒ်မ - ၅၁ မှာ စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အမိန့်စာ ရရှိသူတွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။

အလားတူ ပုဒ်မ - ၅၀ မှာလည်း ဆေးစစ်အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။