ပုဂံဒေသမှာ လူငယ် ငါးဆယ်ခန့် စစ်မှုထမ်းဖို့ အကြောင်းကြားစာ ပို့ခံရ
2025.03.03

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြင်းကပါရွာက လူငယ်ငါးဆယ်ခန့်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ စာရင်းပါဝင်တဲ့အကြောင်း ရေးသားထားတဲ့ အကြောင်းစာတွေ ပို့ဆောင်ခဲ့တယ်လို့ မတ်လ ၃ ရက်နေ့မှာ ဒေသခံတွေက ပြောပါတယ်။
ဒီရက်ပိုင်းမှာပဲ ရွာထဲက စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အကြောင်းကြားစာတွေ တစ်အိမ်တက်ဆင်း လိုက်လံပေးဝေခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လောလောဆယ် ကျွန်တော်တို့ရွာမှာ သူ့ရပ်ကွက်အလိုက် စာရွက်ကမ်းသွားတာတော့ ငါးဆယ်ပတ်ချာလည်လောက်တော့ ရှိတယ်။ စာရွက်ကမ်းထားတယ်ဆိုကတည်းက သူတို့ လိုအပ်လာရင် အလှည့်ကျခေါ်လာမဲ့အခြေအနေမျိုး ဖြစ်လာတာပေါ့ဗျာ"
စာရင်းမှာ ပါဝင်နေတဲ့ လူငယ်တွေကို ဘယ်အချိန်မှာ စစ်မှုထမ်းခေါ်မယ်ဆိုတာ မသိရသေးဘူး။ လက်ရှိမှာ ဒီလူငယ်တွေကို ရက်တိုခရီးသွားလာတာကို ခွင့်ပြုထားပေမဲ့ ရက်ရှည်ခရီးသွားလာခွင့်ကိုတော့ အာဏာပိုင်တွေက တားမြစ်ထားတယ်လို့ ဆိုပါတယ်။
မြင်းကပါရွာမှာ အရင်က လူငယ်တစ်ယောက်ကနေ နှစ်ယောက်ခန့်ကိုသာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာရှိပေမဲ့ အခုလို လူငယ်အများအပြား စစ်မှုထမ်းစာရင်းပါဝင်ကြောင်း အကြောင်းကြားစာပို့လာတာ ပထမဆုံးကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီနဲ့ နီးစပ်သူတွေကနေ ရရှိတဲ့စာရင်းတွေအရ ညောင်မြို့နယ်တစ်ခုလုံးမှာ စစ်မှုထမ်းဖို့ အသက်အရွယ်ပြည့်မီသူ လူငယ် ခုနစ်ရာကျော်ရှိတဲ့အကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး စာရင်းမှာပါတဲ့လူငယ်တွေ သတိပြုနေထိုင်ကြဖို့ ပြောဆိုထားပါတယ်။