ကလေးမြို့မှာ လူငယ်သုံးဆယ်ခန့် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ
2025.01.31

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လေးရက်အတွင်း လူငယ်အမျိုးသား သုံးဆယ်ထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ကလေးမြို့က အောင်မင်္ဂလာ၊ သဇင်၊ တာဟန်း၊ ချမ်းမြေ့အောင်စည် စတဲ့ ရပ်ကွက်တွေက နေအိမ်တွေနဲ့ လမ်းသွယ်၊ လမ်းကြားတွေအထိ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ကလေးမြို့အခြေစိုက် အမှတ် (၁၀) တပ်မတော်တန်းမြင့် သင်တန်းကျောင်းကို ခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီ သုံး လေးရက်အတွင်းမှာ နည်းနည်း အစစ်အဆေး ကြမ်းလာတယ်။ ရှောင်တခင် ဝင်စစ်တာ၊ ရပ်ကွက်တွေမှာ လမ်းမဘက်မဟုတ်ဘဲ လမ်းကြိုလမ်းကြားတွေမှာပါ စစ်တော့ လူငယ်တွေ ပါကုန်တာ။ အောင်မင်္ဂလာဘက်က ဆယ်ယောက်ကျော်တယ်။ တာဟန်းဘက်က ၁၅ ယောက်လို့ ကြားတယ်။ စစ်ကားပေါ်မှာ လူငယ်တွေတင်ပြီး သင်တန်းကျောင်းဘက်ကို မောင်းသွားတယ်"
အခုလိုဖမ်းဆီးမှုတွေကြောင့် ဒေသခံတွေက ဈေးတွေကို အချိန်စောပြီး ပိတ်ကြသလို မြို့ပေါ်မှာလည်း ညနေခင်းအချိန်ရောက်တာနဲ့ အသွားအလာနည်းသွားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကလည်း ကလေးမြို့မှာ လူငယ် သုံးဆယ်ထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အထိ ဖွင့်လှစ်ထားပြီး စစ်သင်တန်းတက်နေသူတွေထဲ အတင်းအကျပ် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ စစ်မှုထမ်းအခြေအနေ စောင့်ကြည့်လာသူတွေက ပြောပါတယ်။