ကလေးမြို့နယ်မှာ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် အကူအညီလိုနေ
2025.03.20

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော်အတွက် သောက်သုံးရေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက မတ်လ ၂၀ ရက်နေ့မှာ ပြောပါတယ်။
ကလေးမြို့နယ်မှာ တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိမှာ ရာသီဥတု ပူပြင်းခြောက်သွေ့လာတာနဲ့အတူ ရေရှားပါးမှုနဲ့ပါ ရင်ဆိုင်နေရတာပါ။
ဒါကြောင့် သောက်သုံးရေ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ရာသီဥတု ပူပြင်းလာတဲ့အခါကျတော့ အမိုးအကာ၊ ရေရရှိရေးပေါ့၊ စားနပ်ရိက္ခာကတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီနေပါတယ်။ အဓိကကတော့ ဆေးဝါးနဲ့ အမိုးအကာ၊ ရေရရှိရေး အဓိကပါပဲ”
ရေရှားပါးတာနဲ့ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းရောဂါနဲ့ အရေပြားရောဂါ ဖြစ်ပွားသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
ရွာပေါင်းသုံးဆယ်ခန့်က ဒေသခံတွေ တိမ်းရှောင်နေရတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု တွေ မကြာခဏ ရှိနေတာကြောင့်လည်း နေရပ်မပြန်နိုင်ကြသေးတာလို့ ဆိုပါတယ်။
မတ်လ ၁၉ ရက်နေ့ကလည်း ကလေးမြို့နယ် လက်ပံချောင်းရွာကို မတ်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီလက တိုက်ပွဲတွေအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေက ကလေးမြို့နယ် တောင်ပိုင်းက စစ်ကောင်စီရဲ့ တပ်စခန်းငါးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကလေးမြို့နယ်၊ ကုက္ကိုရွာက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်ရဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။