စစ်ကောင်စီရဲ့ ကန့်သတ်မှုကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ ကုန်စည်ပြတ်လပ်လာ

RFA Burmese
2024.12.18
စစ်ကောင်စီရဲ့ ကန့်သတ်မှုကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ ကုန်စည်ပြတ်လပ်လာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ချင်းပြည်နယ်၊ ခိုင်ကမ်းဂိတ်ကို စစ်ကောင်စီပိတ်ထားသဖြင့် ကားများရပ်ထားရသည်ကို တွေ့ရစဥ်။
Citizen Photo

မကွေးတိုင်းကနေ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေကို ကုန်စည်တင်ပို့ခွင့် စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် စားသောက်ကုန် အပါအဝင် တခြားကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်လာတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မှာ ပြောပါတယ်။

မကွေးတိုင်း ဆောနဲ့ ချောက်မြို့နယ်တွေဘက်ကလာတဲ့ ကုန်စည်တွေကို နိုဝင်ဘာလကတည်းက စစ်ကောင်စီတပ်က ကန့်သတ်တားမြစ်တာတွေ ရှိနေတာကြောင့် အချိန်တစ်လအတွင်းမှာပဲ ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ပလက်ဝနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ ကုန်စည်တွေ ပြတ်လပ်လာတာလို့ ဆိုပါတယ်။

ကုန်ပစ္စည်းတွေ ပြတ်လပ်တဲ့အပြင် လက်ရှိမှာ စက်သုံးဆီ တစ်လီတာကို ကျပ်တစ်သောင်းခွဲအထိ ဈေးမြင့်တက်နေတယ်လို့ ကန်ပက်လက်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်နေတော့ အဲဒီဒေသတွေကို ရိက္ခာမရောက်အောင် ဖြတ်ဝောာက်ချင်တဲ့သဘောပဲ။ လုံးဝပိတ်တာမျိုးဝောာ့ မဟုတ်ဘူး၊ သွားလို့ လာလို့တော့ ရတယ်။ ပြန်ရောင်းဖို့ သယ်တာတို့ ဘာတို့ မရဘူး။ ကြက်ဥဆိုရင် ဆောမှာပဲ တစ်ထောင်ကျော်တယ်။ ဓာတ်ဆီဆိုရင်လည်း တစ်လီတာ တစ်သောင်ခွဲ ရှိလာပြီ”

အရင်ကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် သယ်ယူစရိတ် ကြီးမြင့်တာအပြင် ကုန်စည်တွေ ပြတ်လပ်လာလို့ ကုန်ဈေးနှုန်းတွေ ထပ်မံ ကြီးမြင့်လာတာကြောင့်လည်း ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ချင်းပြည်နယ်မြောက်ပိုင်းကိုတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဆန်အပါအဝင် စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီတပ်က သြဂုတ် ၂၀ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။