မုံရွာမှာ စစ်ကောင်စီတပ် ဖမ်းထားတဲ့ အရပ်သား ခုနစ်ဆယ်ကျော် ပြန်လွတ်
2024.11.24
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အရှေ့ဘက်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က စီးနင်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ အရပ်သား ခုနစ်ဆယ်ကျော် ပြန်လွတ်လာပြီလို့ မုံရွာဒေသခံတွေက RFA ကို နိုဝင်ဘာ ၂၄ ရက် ဒီနေ့ပြောပါတယ်။
မုံရွာမြို့အခြေစိုက် အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) လက်အောင်ခံ တပ်မ ၃၃ က အင်အား တစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့ကစပြီး မုံရွာမြို့နယ် ရွှေမြင်တင်တောင်မှာ အခြေစိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးစခန်း လေးခုကို ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီစခန်းတွေကို စီးနင်းပြီးနောက် နိဗ္ဗာန်ဝ၊ ကျီးအုပ်၊ ဗန်စီ၊ ခတ္တကန် စတဲ့ရွာတွေက အရပ်သား ခုနစ်ဆယ်ခန့်ကို ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နိုဝင်ဘာ ၂၁ ရက်နေ့ကရယ်၊ ၂၂ ရက်နေ့ကရယ် အဖမ်းခံရတယ်ဗျာ။ အဲဒီကနေ အဖမ်းခံရပြီးတော့ ဗောဓိတထောင်မှာရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို အကုန်လုံးခေါ်သွားတာ။ ဗန်စီဘက်က အဖမ်းခံရတာတော့ များတယ်ဗျ။ ခတ္တကန်မှာကျတော့ လူငယ်လေးတွေ အကုန်လုံးကို ဖမ်းခေါ်ထားတာ။ အဲဒီက လူငယ်တွေက ဆယ်ယောက်ကျော်ကျော်လောက် ရှိမယ်ထင်တယ်။ မနေ့က သတင်းရတာကတော့ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ထားခဲ့တယ်။ အကုန်လုံးကို တစ်ယောက်မကျန် ပြန်လွှတ်ထားခဲ့တယ်လို့ သိရတယ်”
မုံရွာမြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်စစ်ကြောင်း စီးနင်းခဲ့ချိန် ခတ္တကန်၊ ကျီးအုပ် စတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ နောက်ထပ် မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။ မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ နိဗ္ဗာန်ဝ၊ ကျီးအုပ်၊ ဗန်စီ ၊ ခတ္တကန်ရွာ အပါအဝင် ရွာပေါင်း ခြောက်ရွာခန့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၂၄ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။