မြင်းခြံမှာ စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် အရပ်သားနှစ်ဦး သေဆုံး
2024.10.08
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ကန်ရွာ ပျူစောထီး အထိုင်စခန်းတွေကို အောက်တိုဘာ ၇ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကျောက်ကန်ရွာအနီးက သစ်ရုံရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားသလို မြေပြင်စစ်ကြောင်းရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောက်ကန်ရွာ ပျူစောထီး အထိုင်စခန်းတွေကို ကာကွယ်ရေးတပ်တွေက သိမ်းနေပြီ။ အဲဒါ ဂျက်တိုက်လေယာဥ်နဲ့ရော၊ မြေပြင်စစ်ကြောင်းရော၊ ထိုးလာတာ။ အင်အား နှစ်ရာလောက် ပါတယ်။ သစ်ရုံရွာမှာ ယာလုပ်နေတဲ့ အမျိုးသားတစ်ဦးက လေကြောင်းပစ်ခတ်မှုမှာ ထိတာ၊ အမျိုးသမီးကတော့ အသတ်ခံလိုက်ရတာ”
သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ကိုးဆယ်ခန့်ရှိတဲ့ ကျောက်ကန်ရွာ တိုက်ခိုက်မှုမှာ စခန်းအားလုံး သိမ်းပိုက်နိုင်ပေမဲ့ စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ မြင်းခြံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အောက်တိုဘာ ၉ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်က ကျောက်ကန်ရွာနဲ့ မြင်းခြံ-မြို့သာ-တံတားဦး ကားလမ်းမတစ်လျှောက်မှာ ကင်းပုန်းဝပ်နေသလို လေးတန်းရွာမှာလည်း တပ်စွဲထားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ခြောက်ထောင်ခန့် (၅,၇၈၀ ဦး) ရှိလာပြီ ဖြစ်ပါတယ်။