ကန်ဒေါ်လာ ကိုးဘီလီယံကျော် တန်ဖိုးရှိ နယ်စပ်ကုန်သွယ်ရေးစခန်းငါးခုကို စစ်ကောင်စီဆုံးရှုံး

RFA Burmese
2024.10.06
ကန်ဒေါ်လာ ကိုးဘီလီယံကျော် တန်ဖိုးရှိ နယ်စပ်ကုန်သွယ်ရေးစခန်းငါးခုကို စစ်ကောင်စီဆုံးရှုံး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
The Global New Light of Myanmar

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၉.၄၈ ဘီလီယံရခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းငါးခုကို ၁၀၂၇ စစ်ဆင်ရေးစပြီးနောက် စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီကုန်သွယ်ရေးစခန်းတွေဟာ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး၊ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးနဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်တွေ မထိန်းချုပ်ခင်က အဲဒီနယ်စပ်ကုန်သွယ်ရေးစခန်းငါးခုထဲက လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မူဆယ်၊ ရိဒ် စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ နေ့စဉ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ရှိနေတာပါ။

ဒီ့အပြင် စစ်တွေ၊ မောင်တော၊ ကျိုင်းလပ် စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို စစ်ကောင်စီ ထိန်းချုပ်ထားပေမဲ့ ကုန်သွယ်ရေး ရပ်ဆိုင်းနေတယ်လို့ ISP-Myanmar က ဖော်ပြပါတယ်။

နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေလို့ စစ်ကောင်စီအနေနဲ့ အခွန်အခတွေ ဆုံးရှုံးသွားသလို ကုန်သည်တွေဘက်ကလည်း ဆုံးရှုံးမှုတွေများတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"လောလောဆယ် ကျွန်တော်က တရုတ်နယ်စပ်ကုန်သွယ်ရေးနဲ့ တမူးပေါ့နော်။ ကျွန်တော်တို့ ရုံးရှိတယ်ဗျ။ အဲဒီကနေပြီးမှ ပစ္စည်းတွေ အရင်တုန်းက နယ်စပ်ကုန်သွယ်ရေး ကျွန်တော်တို့လည်း လုပ်ခဲ့တယ်ဗျ။ အခု ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့ လုံးဝဆုံးရှုံးသွားတာပေါ့ဗျာ။ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ရှင်းရှင်းပြောရရင် တော်တော်ကြီးကို နစ်နာသွားတာပေါ့၊ မလုပ်နိုင်တော့ဘူး။ အခွန်အခတွေ အများကြီး ဆုံးရှုံးတာပေါ့ဗျာ။ စစ်ကောင်စီဘက်လည်း နာတယ်လေ"

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ နယ်စပ်ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော် ရခဲ့တယ်လို့ ISP-Myanmar က ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ဆိုင်းနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိပေမဲ့ အခုနှစ်ဆန်းပိုင်းကစလို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ပိုပြီးလုပ်လာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။