မင်းကင်းမှာ စစ်ကြောင်းထိုးချိန် အရပ်သားတစ်ဦး သတ်ဖြတ်ခံရ
2024.05.31
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် သင်တောရွာမှာ မေလ ၂၉ ရက်နေ့က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ အင်အားတစ်ရာနီးပါးက စစ်ကြောင်း သုံးခုနဲ့ ရွာကိုစီးနင်းခဲ့ပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ် ကိုကုလားဆိုသူဖြစ်ပြီး စစ်ကြောင်းထိုးလာလို့ ထွက်ပြေးချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူက စစ်ကြောင်းလာလို့ ရွာကနေထွက်ပြီး တောတိုက်ထဲရှောင်နေတာ။ အဲဒါ သူ့ကိုဖမ်းတာ သူကလည်း ပြေးသေးတယ်။ နောက်ဆုံးကျ သေနတ်နဲ့ပစ်သတ်သွားတာ”
မေလ ၂၉ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေဟာ မင်းကင်းမြို့နယ်က ကျေးရွာတချို့ကို စစ်ကြောင်းထိုးနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
မင်းကင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးကတော့ စစ်ကြောင်းရွေ့လျားမှုတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စောင့်ကြည့်နေပြီး တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ငါးထောင်ကျော် (၅,၁၆၁) ကျော် သေဆုံးခဲ့ပါတယ်။