စစ်ကောင်စီက လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုကျူးလွန်လို့ HRW ပြောကြား
ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ crime against humanity လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။
စာမျက်နှာ ၇၅၀ ကျော်ရှိပြီး ၂၀၂၁ အတွင်းက တစ်ကမ္ဘာလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြတဲ့ ၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။
မြန်မာနိုင်ငံတစ်ဝန်းက အရပ်သားတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေရာအနှံ့ စနစ်တကျ ထိပါး တိုက်ခိုက်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တာ၊ ဖမ်းဆီးထားသူ တချို့ကို မုဒိမ်းကျင့်တာနဲ့ နိုင်ငံရေးအရ အလုံး အရင်းနဲ့ ဖမ်းဆီးတာတွေ ပါဝင်တယ်လို့ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က နိုဝင်ဘာ ၁ ရက်အတွင်း ရဲနဲ့ စစ်တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေနဲ့ အနီးနားရှိနေသူ ၁၂၀၀ ထက်မနည်း သတ်ဖြတ်တယ်လို့ ဖော်ပြပါတယ်။ ဒီထဲမှာ ကလေး ၇၅ ယောက်လောက်ပါပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မုံရွာနဲ့ စစ်ကိုင်းတိုင်းက တချို့မြို့နယ်တွေ၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ တခြား နေရာ ဒေသတွေမှာ သတ်ဖြတ်ခံရတာလို့ ဖော်ပြပါတယ်။
အဲဒီကာလအတွင်း အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးအရ လှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ အရပ်သား ဝန်ထမ်း ၈၇၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေကို ခြိမ်းခြောက်တာ၊ အင်တာနက်ဖြတ်တောက်တာ၊ လူသားချင်း စာနာမှုအကူအညီပေးတာကို အနှောင့်အယှက်ပေးတာ၊ အမျိုးသမီးနဲ့ မိန်းကလေးတွေအခွင့်အရေး ထိပါးခံရတာ၊ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်နဲ့ မီဒီယာ စတဲ့ ကဏ္ဍအရပ်ရပ်မှာ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို အချက်အလက် အထောက်အထားတွေနဲ့တကွ ဖော်ပြထားပါတယ်။
ကမ္ဘာတစ်ဝန်း တစ်ဦးတစ်ယောက်တည်း သြဇာနဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေ များလာတာကို ဒီမိုကရေစီနိုင်ငံက ခေါင်းဆောင်တွေက ဒီမိုကရေစီတန်ဖိုးနဲ့ လူ့အခွင့်အရေးအရ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့ ပျက်ကွက်တယ်လို့ HRW အမှုဆောင် ညွှန်ကြားရေးမှူး Kenneth Roth က AFP သတင်းဌာနနဲ့ မေးမြန်းခန်း မှာ ပြောလိုက်ပါတယ်။
ရက်စက်တဲ့ စစ်အစိုးရ ဖမ်းဆီး ဒါမှမဟုတ် ပစ်သတ်မယ့် အန္တရာယ်ရှိတဲ့ကြားက ဒီမိုကရေစီရေး ဆန္ဒပြပွဲကြီး တွေနဲ့ CDM အနုနည်းနဲ့ အာဏာဖီဆန်တဲ့နိုင်ငံ မြန်မာနဲ့ ဆူဒန်လို နိုင်ငံတွေကို မေးမြန်းခန်းမှာ ဥပမာပေး ထည့်သွင်းပြောကြားသွားပါတယ်။