မြန်မာ စစ်ခေါင်းဆောင်တွေကို ခုံရုံးတင်စစ်ဆေးလို
2018.08.28
မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ကုလသမဂ္ဂက ခုံရုံးတင်စစ်ဆေးမှုတွေ အမှန်တကယ် ပေါ်ပေါက်စေ လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ မွတ်စလင်ခေါင်းဆောင်တွေက ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။
ကုလသမဂ္ဂအနေနဲ့ အမှန်တရားကို ထင်လင်းအောင် ပြသစေလိုကြောင်း၊ စစ်ခေါင်းဆောင်တွေအနေနဲ့ ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ တရားရင်ဆိုင်ရမှာဖြစ်တယ်လို့ မွတ်စလင်ခေါင်းဆောင်တဦး က ပြောဆို ကြောင်းလည်း ဖော်ပြပါတယ်။
တရုတ်အစိုးရကတော့ မြန်မာနိုင်ငံက မွတ်စလင်ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အရေး ယူ ဆောင်ရွက်မှုတွေအပေါ် တားဆီးမှာမဟုတ်ကြောင်း၊ ဒါပေမဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူတာ၊ ပြစ် တင်ဝေဖန်တာတွေဟာ ဒီပြဿနာအကြပ်အတည်းအတွက် အထောက်အကူပြုမှာ မဟုတ်ကြောင်း ပြောဆိုပါတယ်။
မွတ်စလင်ဒုက္ခသည်ပြဿနာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် စုံစမ်းသူ တွေက မြန်မာ စစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ စွဲချက် တင်သင့်ကြောင်း ထုတ်ပြန်ခဲ့အပြီးမှာ တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အဲဒီလို ပြောဆို ခဲ့တာပါ။
တရုတ်အစိုးရအနေနဲ့ ကုလသမဂ္ဂ ဆွေးနွေးချက်တွေ၊ အရေးယူဆောင်ရွက်မှုတွေကို တားဆီးနေတာ မဟုတ်ဘဲ၊ တဘက်သတ် ပိတ်ဆို့ အရေးယူတာ၊ ပြစ်တင်ဝေဖန်နေတာချည့် သက်သက်ဟာ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မယူဆကြောင်း ပြောဆိုခဲ့ပါတယ်။