စဉ့်ကူးမြို့နယ်က မိသားစုအိမ်ခြေ ၂ဝဝ နီးပါး စစ်တပ် အင်အားသုံး ဖယ်ရှား

2021.09.29
စဉ့်ကူးမြို့နယ်က မိသားစုအိမ်ခြေ ၂ဝဝ နီးပါး စစ်တပ် အင်အားသုံး ဖယ်ရှား မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်တပ်က အဓမ္မရွှေ့ခိုင်းတာကြောင့် ဖျက်ပေးရတဲ့နေအိမ်တွေကို တွေ့ရစဥ်
Photo: CJ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ ငွေတောင်၊ ညောင်ဝန်း၊ ရေထွက် စတဲ့ကျေးရွာသုံးရွာဟာ အိမ်ခြေ ၂၀၀ နီးပါးဟာ တပ်ပိုင်မြေထဲပါနေလို့ဆိုပြီး ဖယ်ရှားပေးဖို့ စစ်တပ်က ဖိအားပေးခြိမ်းခြောက်နေတာကြောင့် အိမ်တွေကို ဖြိုဖျက်ပြီး ရွှေ့ပြောင်းပေးနေရတယ်လို့ ကျေးရွာသားတွေက RFA ကို ဒီနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ငွေတောင်နဲ့ ညောင်ဝန်းကျေးရွာမှာ စစ်သား ၄၀ လောက် လက်နက် တွေနဲ့ ကျေးရွာထဲ ဝင်ရောက်လာပြီး နေအိမ်တွေကို တစ်ပတ်အတွင်းဖြိုဖျက်ပေးဖို့ ပြောဆိုခဲ့သလို ရေထွက် ကျေးရွာမှာလည်း ရွာသားတွေကို အစည်းအဝေးခေါ်ယူပြီး အလားတူဖိအားပေးပြောဆိုခဲ့တာလို့ ရွာသားတွေ က ပြောပါတယ်။

လက်ရှိမှာ စစ်တပ်ကိုကြောက်လို့ ကျေးရွာသုံးရွာက နေအိမ်ပေါင်း ၂၀၀ နီးပါးကို ဖြိုဖျက်ပေးနေရပြီး အစားထိုး နေစရာမရှိလို့ အခက်အခဲကြုံတွေ့နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေထွက်ကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်ကတော့ ဒီနှစ် ဒီရာသီ မိမိရဲ့ယာခင်းထဲကိုပေါ့၊ ယာယီတဲတော့ဆောက်ထားပေါ့။ မိမိရဲ့သီးနှံ ယာခင်းတွေ ရိတ်သိမ်းပြီးရင် ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးရမယ်ပေါ့။ ဒါပေမဲ့ ရွာသူရွာသားတွေက ကြောက်ကြတော့ တပ်ပိုင်ကွင်းထဲကို မနေကြဘူးလေ။ မြေကို အစားပြန်လည်ချထားပေးတာလည်း မရှိဘူးလေ။ ကြောက်လည်း ကြောက်ကြတော့ ဒီစစ်တပ်နဲ့ ဘေးလွတ်ရာကိုပဲ ဖျက်ပြီးတော့ ပုံကြရ တာပေါ့ဗျာ။ ပြီးတော့ ဘေးကင်းလုံခြုံတဲ့အိမ်တွေကို ခိုကပ်နေကြတယ်။ ကျောင်းတွေ ဘာတွေကို ခိုကပ်နေကြရတာပေါ့။ အကုန်လုံးဖျက်နေကြတယ်။ ဖျက်တဲ့ဟာ တချို့ အိမ်တွေက ပြီးတဲ့အိမ်ပြီး၊ ကြီးတဲ့အိမ်တွေကတော့ မပြီးကြသေးဘူးဗျ”

စစ်သားတွေဟာ ညောင်ဝန်းရွာအရှေ့ဘက်က ယခင် ဂရိတ်ဝေါလ်ကုမ္ပဏီ စိုက်ခင်းနေရာမှာ စခန်းချပြီး နေ့စဉ်လိုလို အိမ်တွေကိုဖယ်ရှားပေးဖို့ လာရောက်ဖိအားပေး ပြောဆိုနေတာလို့လည်း ကျေးရွာသားတွေက ပြောပါတယ်။

အဲဒီကျေးရွာသုံးရွာမှာ စစ်တပ်က သိမ်းဆည်းထားတဲ့မြေတွေထဲမှာ ငွေတောင်နဲ့ ညောင်ဝန်းရွာက မြေ ၂၀၉၁ ဧက ပါဝင်ပြီး ရေထွက်ရွာမှာလည်း ၅၆၄ ဧက ပါဝင်တယ်လို့ ရွာသားတွေက ပြောပါတယ်။

တပ်မြေဧရိယာထဲမှာ ဝင်ပါနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ခြေ ၂၄၀ ရှိတဲ့ ငွေတောင်ရွာမှာ အိမ် ၇၂ လုံး၊ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိတဲ့ ညောင်ဝန်းရွာမှာ အိမ်ခြေ ၆၀ ခန့်နဲ့ အိမ်ခြေ ၆၀ ခန့်ရှိတဲ့ ရေထွက်ရွာမှာ တော့ တစ်ရွာလုံးဖယ်ပေးနေရတာလို့လည်းပြောပါတယ်။

ဒါကြောင့် အခုဖယ်ရှားပေးနေရတဲ့ အိမ်ခြေပေါင်း ၁၉၂ လုံးနဲ့ လူဦးရေ ၅၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။

လောလောဆယ်မှာတော့ အိမ်တွေဖယ်ရှားပေးနေရတဲ့ ကျေးရွာသားတွေဟာ နေစရာမရှိလို့ ဘုန်းကြီး ကျောင်းနဲ့ နီးစပ်ရာအိမ်တွေမှာပဲ ခိုကပ်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငွေတောင် ရွာသားတစ်ဦးက ပြောပါတယ်။

“ဖယ်နေရင်းတောင်မှ ကြာလို့ဆိုပြီး အစောက ခုနစ်ရက်ပေးတယ်။ အခု သုံးရက်ဆိုပြီး ရာဇသံပေးလိုက် တယ်။ အဲဒါလဲ နေ့စဉ်နဲ့အမျှ လက်နက်နဲ့လာနေလို့ ဖယ်ရတာပေါ့ဗျာ။ အိမ်တစ်အိမ်ဖျက်ဖို့ဆိုတာ အခု ကတစ်နိုင်ငံလုံး သိတဲ့အတိုင်း ရောဂါကြောက်ရတာတမျိုး၊ နိုင်ငံရေးကတစ်မျိုး၊ စားဝတ်နေရေးက မပြေလည်ကြဘူး။ ဒီထဲမှာ မိုးတွင်းကာလကို ဖျက်လိုက်ရတယ်ဆိုတော့ ဖျက်စရိတ်တောင် မနည်း ဖျက်နေရတာ ပြန်ဆောက်ဖို့ဆိုတာအိမ် တစ်လုံးဆောက်တယ်ဆိုတာ တောသူတောင်သားတွေအတွက် အနည်းဆုံး နှစ်သိန်း၊ သုံးသိန်းမှမရှိရင် မရဘူးလေ။ စားဝတ်နေရေးတောင် အနိုင်နိုင်လုပ်နေရတဲ့အချိန် ဒီအိမ်တွေ ဘယ်လိုလုပ်ပြန်ဆောက်နိုင်မလဲ။ ပုံပြီးတော့ ဒီအတိုင်းပဲ ကြုံရာကိုတဲထိုးနေရတာ။ အခုဆိုရင် သူတို့ကွင်းထဲမှာမနေခိုင်းလို့ ရွာဦးကျောင်းက ဆရာတော်က နေစရာမရှိတဲ့သူတွေကို ကျောင်းဝင်းမှာ တဲထိုးပြီး နေခွင့်ပြုထားလို့ အခုအနည်းနဲ့အများကတော့ ဘုန်းကြီးကျောင်းမှာ တဲလေးတွေထိုးပြီး လာနေကြတာပေါ့၊ ပြီးတော့မပြီးကြသေးဘူး”

စစ်တပ်က နေအိမ်တွေ ဖယ်ရှားခိုင်းနေတဲ့မြေတွေကို လွန်ခဲ့တဲ့ ၁၉၉၀ ခုနစ်က ကျေးရွာသားတွေက တောရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး အမှတ် (၇) ခံတက်ချဉ် စိုက်ပျိုးရေးရုံးကို သီးနှံခွန်ပေးပြီး စိုက်ပျိုးခဲ့ကြတာလို့ဆိုပါတယ်။

၁၉၉၆ ခုနှစ်မှာတော့ အဲဒီမြေတွေကို မြေလွတ်မြေရိုင်းဆိုပြီး စဉ့်ကိုင်မြို့နဲ့ မိုင် ၆၀ ဝေးတဲ့ မန္တလေးနန်းတွင်း အခြေစိုက် အမှတ်(၁၂၁) ထောက်ပို့တပ်က သိမ်းယူခဲ့ပေမဲ့ ဒေသခံတွေကတော့ လျော်ကြေးတစ်စုံတစ်ရာ မရခဲ့ဘူးလို့ မြေဧက ၂၀ ကျော် အသိမ်းခံခဲ့ရတဲ့ ရေထွက်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

စစ်တပ်က အဲဒီမြေတွေကို သိမ်းဆည်းပြီးနောက် ၁၉၉၇ ခုနှစ်မှာ ဂရိတ်ဝေါလ်စိုက်ပျိုးရေးကုမ္ပဏီကို နှစ် ၃၀ လုပ်ကိုင်ခွင့်နဲ့ ပြန်လည်ငှားရမ်းပေးခဲ့ပါတယ်။ အဲဒီနောက် ဒေသခံတွေကလည်း တစ်ဧကကို ကြံနှစ်တန် ပေးပြီး ဂရိတ်ဝေါလ်ကုမ္ပဏီထံကနေ ပြန်လည်ငှားရမ်းလုပ်ကိုင်ခဲ့ကြရတာပါ။

၂၀၁၂ မြေယာဥပဒေပြင်ဆင်ချက်အရ သီးစားချထားတာကို ဖျက်သိမ်းလိုက်တဲ့အတွက် ဒေသခံတွေဟာ သီးစားခကင်းလွတ်ရေးအတွက် အစိုးရကိုတင်ပြခဲ့ပြီး ၂၀၁၃ ခုနှစ်ကစလို့ ယခင်ပေးနေကျ သီးစားခကို မပေးတော့တာလို့ ပြောကြပါတယ်။

"စားဝတ်နေရေးတောင် အနိုင်နိုင်လုပ်နေရတဲ့အချိန် ဒီအိမ်တွေ ဘယ်လိုလုပ်ပြန်ဆောက်နိုင်မလဲ"

၂၀၁၇ မှာတော့ စစ်တပ်က အဲဒီနေရာတွေကို ဒေသခံတွေကို အသိမပေးဘဲ မြေလွတ်မြေရိုင်းနဲ့ အခြားနည်း သုံးစွဲခွင့်ကိုလျှောက်ပြီး ခွင့်ပြုချက်ရချိန်ကစလို့ တောင်သူတွေကို ဖယ်ပေးဖို့ ဖိအားပေးလာခဲ့တာလို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

ဒေသခံတွေကတော့ ဖယ်ပေးဖို့ ငြင်းဆိုခဲ့ကြတာကြောင့် ရေထွက်ရွာက ၅၆ ဦး၊ ငွေတောင်ရွာက ၅၁ ဦးနဲ့ ညောင်ဝန်းရွာက ၅၄ ဦး၊ စုစုပေါင်း ဒေသခံ ၁၆၁ ဦးကို ဗိုလ်ကြီးဇော်ဝင်းနိုင်က၂၀၁၉ မှာ စတင်တရားစွဲဆို ခဲ့ပြီးနောက် တရားရုံးချိန်း ခြောက်ကြိမ်ခန့်ရှိခဲ့ပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ တရားရုံးချိန်း တွေ မခေါ်တော့ဘဲ အခုလို အင်အားသုံးဖယ်ရှားခိုင်းနေတာလို့လည်း ပြောကြပါတယ်။

အခုလိုဖြေရှင်းတာဟာ ရေရှည်အတွက် ကောင်းမွန်တဲ့ရလဒ်ဖြစ်လာမှာ မဟုတ်ဘူးလို့ မန္တလေးတိုင်းအတွင်းက မြေယာပြဿနာအရေး ဆောင်ရွက်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသိန်အောင်မြင့် က ပြော ပါတယ်။

“တောင်သူဆိုတာ အောက်ခြေလူတန်းစာလေ။ သူတို့စားဝတ်နေရေးတောင် ပြေလည်အောင် ဆောင်ရွက် ပေးရမှာကို ဒါမျိုးမလုပ်ဘဲ အခုလိုလုပ်တာကြီးကတော့ ကိုယ့်လူမျိုးတောင် ဟုတ်ရဲ့လားလို့ ကျွန်တော် တို့က မေးခွန်းထုတ်ရမလိုဖြစ်နေတယ်။ အခုဖြေရှင်းမှုတွေကို ကျွန်တော်တို့က ဥပဒေနဲ့အညီ ဖြေရှင်း နေတယ်လို့ ပြောလို့မရဘူး။ ဘယ်မြို့မှာဖြစ်ဖြစ် တရားရုံးတွေဆိုတာလည်း ကောင်းကောင်းဖွင့်တာ မဟုတ်ဘူး။ ဒါတွေကပြန်ပြောရင် ပြည်သူကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် ဖြေရှင်းရမှာဗျ။ ဥပဒေထုတ်ပြန်တာတွေ ဥပဒေနဲ့အညီ တင်သွင်းတာတွေ ဒါမျိုးဥပဒေနဲ့အညီ ဆောင်ရွက် မှသာလျှင် ဖြေရှင်းမှုတွေ မှန်ကန်တယ်လို့ သုံးသပ်လို့ရမှာ။ အခုကတော့ဗျာ အာဏာသိမ်းထားတော့ဗျာ သေနတ်နဲ့အုပ်ချုပ်နေတာ။ လုပ်ချင်သလိုလုပ်နေတာ ဒါကို ဥပဒေနဲ့အညီ ဖြေရှင်းနေတယ်လို့ ကျွန်တော် ကတော့မမြင်ဘူး။ ပြည်သူကို အနိုင်ကျင့်နေတယ်လို့ပဲမြင်တယ်။ အဲလိုပဲ ကျွန်တော်ကတော့ ပြောချင် တယ် ခင်ဗျ”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ မြေယာအငြင်းပွားတဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေ မှာလည်း တရားရုံးတွေကနေတစ်ဆင့် ဖြေရှင်းတာထက် အင်အားသုံးပြီး ဖြေရှင်းလာတာကို တွေ့ရတယ်လို့ သူကဆိုပါတယ်။

sintku-house-move.jpg
(စဉ့်ကူးမြို့နယ်မှာ စစ်တပ်က အဓမ္မရွှေ့ခိုင်းတာကြောင့် နေအိမ်တွေကို ပြောင်းရွှေ့နေစဥ်) Photo: CJ

ကျေးရွာ သုံးရွာက နေအိမ်တွေကို အင်အားသုံးဖယ်ရှားခိုင်းတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ် ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ သိမ်းဆည်ခံလယ်ယာမြေနဲ့ ပတ်သက်ပြီး မူဝါဒ ၁၀ ချက် ချမှတ်ဆောင် ရွက်ခဲ့ပြီး အဲဒီအထဲမှာ တပ်သိမ်းမြေကိစ္စအတွက် မူဝါဒ သုံးရပ်ပါတယ်။

အဲဒီမူဝါဒသုံးချက်ထဲမှာ တပ်တည်ဆောက်ဖို့ သိမ်းဆည်းထားတဲ့မြေတွေမှာ သီးစားချထားတာမလုပ်ဖို့၊ တပ် အရွယ်အစားအလိုက် လိုအပ်သလောက်သာ သိမ်းဆည်းဖို့၊ တပ်ဌာနချုပ်နဲ့ လေ့ကျင့်ရေးကွင်းမြေနေရာတွေမှာ သတ်မှတ်ထားတာထက်ပိုပြီး ရယူထားတဲ့မြေတွေကို မူလတောင်သူတွေကို ပြန်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်း နဲ့အညီ အမြန်စွန့်လွှတ်ပေးဖို့၊ တပ်ဌာနချုပ်နဲ့ တဆက်တည်းမရှိဘဲ သိမ်းထားတဲ့မြေတွေကို တပ်ပိုင်းဆိုင်ရာ ကိစ္စအတွက် တိုက်ရိုက်အသုံးပြုရမယ့်မြေကလွဲရင် ကျန်မြေကို မူလပိုင်ရှင်ကို ပြန်ပေးနိုင်ရေးစီစစ်ပြီး နိုင်ငံတော်ကိုတင်ပြဖို့ဆိုတဲ့ အချက်တွေနဲ့ ဖြေရှင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အိမ်တွေကို ရွှေ့ပြောင်းပေးနေရတဲ့ ကျေးရွာသားတွေကတော့ အခုအချိန်မှာ မိုးတွင်းကာလလည်း ဖြစ်နေသလို ရွှေ့ပြောင်းပြီး ပြန်လည်နေထိုင်ဖို့နေရာ မရှိတာကြောင့် တာဝန်ရှိသူတွေ ပြေလည်အောင် ဖြေရှင်းပေးဖို့ကိုပဲ လိုလားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။