ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် လူနေရပ်ကွက်ထဲ အထိတ်တလန့်နေကြရ

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.02.14

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့နယ်အသီးသီးက ရပ်ကွက်တွေထဲ မနေ့ညက လူစိမ်းဝင်ရောက်တာတွေ ကြောင့် ဝိုင်းဝန်းဖမ်းဆီးတာတွေ လုပ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စစ်အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် မြို့ကြီးတချို့မှာ ညဘက် လူနေရပ်ကွက်တွေထဲ မသင်္ကာစရာ လူစိမ်း ဝင်ရောက်တာတွေကြောင့် ရပ်ကွက်လုံခြုံရေးကို ကိုယ်ထူကိုယ်ထ လုပ်နေကြရပါတယ်။

ညမထွက်ရအမိန့် ထုတ်ထားတယ်ဆိုပေမယ့်လည်း ဖေဖော်ဝါရီ ၁၃ ရက် မနေ့ည ၉ နာရီ ဝန်းကျင်လောက်မှာ ရန်ကုန်တိုင်းက မြို့နယ်တွေရဲ့ ရပ်ကွက်တွေထဲမှာ လူစိမ်းတွေဝင်လာလို့ တစ်ပြိုင်နက်ထဲ လူဖမ်းပွဲကြီးဖြစ်ပွား ခဲ့ပါတယ်။

လူစိမ်းတွေဖမ်းမိချိန် ရဲတပ်ဖွဲ့ကို ဖုန်းလှမ်းဆက်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက အပြင်ထွက်လို့မရဘူးလို့ ပြန်လည်ဖြေကြားခဲ့ပြီး ဖမ်းမိထားသူတွေကို ရပ်ကွက်ရုံးနဲ့ တစ်ချို့ရပ်ကွက်ဓမ္မာရုံတွေထဲမှာပဲ ထိန်းသိမ်း ထားရတယ်လို့ လှိုင်သာယာမြို့နယ်က ကိုရဲမင်းအောင်က RFA ကို ပြောပါတယ်။

အချို့မြို့နယ်တွေမှာ ဖမ်းမိထားသူတွေရှိနေပြီး ဖမ်းမိထားသူတွေကို စစ်ဆေးမှုတွေဆောင်ရွက်ရာမှာ မူးယစ်ဆေးဝါးဖြတ်ရာမှာ သောက်သုံးရတဲ့ မက်သဒုန်းဆေးရည်တွေ လက်ဝယ်တွေ့ရှိရပြီး မီးရှို့ဖို့ ပြင်ဆင်ထားတဲ့ သက်သေပစ္စည်းတွေကိုပါ ပြည်သူလူထုက သိမ်းဆည်းရရှိထားကြပါတယ်။

ဖမ်းဆီးထားမိသူတွေကို ဘာဆက်လုပ်ရမှန်း မသိဘဲ ရဲလက်ထဲအပ်ဖို့ဆိုတာ ရဲတပ်ဖွဲ့ကို မယုံကြည်နိုင် ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ရွှေပြည်သာမြို့နယ်က ရပ်ကွက်နေပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။

ရွှေပြည်သာမြို့နယ် နတ်မောက်လမ်းထဲကို လူနာတင်ကားတစ်စီးပေါ်ကနေ လူစိမ်း နှစ်ဦးကို ရပ်ကွက်ထဲ လာရောက်ချပေးခဲ့တယ်ဆိုပြီး ရပ်ကွက်နေသူတွေက ဖမ်းဆီးထားကြပါတယ်။

မန္တလေးတိုင်း မြစ်ငယ်မြို့ စက်ကွေ့ရပ်ကွက်မှာလည်း လူစိမ်းတစ်ဦး ဖမ်းမိထားပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေရတယ်လို့ ဒေသခံ ကိုဇော်ရဲအောင်က ဆိုပါတယ်။

မန္တလေးတိုင်းက ရပ်ကွက်လမ်းတွေမှာလည်း ညဘက်တွေမှာ လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ တစ်အိမ်တစ်ယောက်နှုန်းနဲ့ ည ၈ နာရီကနေ မနက်အထိ အလှည့်ကျစနစ်နဲ့ ဆောင်ရွက်ဖို့ ပြင်ဆင်နေ ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မနေ့ညကစပြီး ကိုယ်ထူကိုယ်ထ လုံခြုံရေးအစီအစဉ်ကို လမ်းတိုင်း၊ ရပ်ကွက်တိုင်းလိုလိုက ဆောင်ရွက်နေကြပါတယ်။

စမ်းချောင်းမြို့နယ်ထဲက မြေနီကုန်းမှာလည်း ရပ်ကွက်နေပြည်သူတို့က ဝိုင်းဝန်းဖမ်းဆီးရာမှာ ဝက်အူလှည့်၊ မူးယစ်ဆေးပြားတွေကို သက်သေခံတွေနဲ့အတူ လူစိမ်း လေးယောက်ကို ဖမ်းမိထားပြီး ဒီမနက်ပိုင်း စမ်းချောင်းရဲစခန်းကို လွှဲပေးလိုက်တယ်လို့ မြေနီကုန်းက အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

သူတို့ကို ရပ်ကွက်ဓမ္မာရုံမှာထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းရာမှာ ထောင်ထွက်လက်မှတ် ပါတဲ့သူ တစ်ဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီအစိုးရ တက်လာပြီးနောက် လက်ရှိအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ တစ်ပြည်လုံးမှာ ပြည်သူတွေသိန်းနဲ့ချီပြီး နေ့စဉ်ဆန္ဒပြနေကြပါတယ်။

၁၉၈၈ အရေးအခင်းက တိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့ အခြေအနေအတိုင်း တစ်ကျော့ပြန် ဖန်တီးလာတာဖြစ် တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ ၈၈ အရေးအခင်းမှာ တွေ့ကြုံခဲ့ဖူးသူတွေကလည်း သတိထားကြ ဖို့ တိုက်တွန်းပါတယ်။

လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ၈၈ အရေးအခင်းဖြစ်ရပ်နဲ့ ချိန်ထိုးပြီးသတိပေးပါတယ်။

အာဏာသိမ်း စစ်ကောင်စီအစိုးရက ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တိုက်ပွဲဝင် နေသူတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ မကွေးနဲ့ ပုသိမ် စတဲ့မြို့တွေမှာ ညအချိန်မတော် နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးနေပါတယ်။

ဒါကြောင့်လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပန်ကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။