တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီက မြေပြင်နဲ့ လေကြောင်း ထိုးစစ်ဆင်

2021.09.05
တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီက မြေပြင်နဲ့ လေကြောင်း ထိုးစစ်ဆင် ရှမ်းပြည်နယ် ကွက်ခိုင်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီက ထိုးစစ်ဆင်နေတာ အမြန်ဆုံးရပ်တန့်ရေး၊ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ညှဉ်းပန်းနေတာ အဆုံး သတ်ရေးနဲ့ အာဏာသိမ်းမှု အဆုံးသတ်ပြီး ရာဇဝတ်မှု ကျူးလွန်တာတွေပေါ် တာဝန်ခံမှုရှိလာရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက မနေ့က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီလက်နက်ကိုင်တပ်တွေရဲ့ ထိုးစစ်တွေနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ တိုင်းရင်းသားဒေသတွေမှာ မြေပြင်ထိုးစစ်သာမက လေကြောင်းကပါ ထိုးစစ်ဆင် တဲ့အတွက် အရပ်သားတွေ အိုးအိမ်တွေစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အသိပေးပါတယ်။

ဒါဟာ humanitarian crisis ဆိုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာစေနိုင်ပြီး၊ သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမယ့် အခြေအနေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ဒီလို အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အထောက်အကူအဖြစ် စစ်လက်နက်ပစ္စည်း ဝယ်ယူဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစိုးရတွေ၊ အဖွဲ့အစည်း တွေကို NUG က ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။

ဒါတင်မက ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံ၊ကျောင်းစတဲ့ အဆောက်အအုံတွေမှာ တပ်စွဲတာ၊ ဒါတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ တိုင်းရင်းသားဒေသတွေမှာ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာတွေကို NUG က အပြင်းအထန်ကန့်ကွက်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။