တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ ကမ်းလှမ်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ကို စစ်ကောင်စီက တွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားစာ ပို့လာတယ်လို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မျိုးဝင်းက ပြောပါတယ်။
PPST နဲ့ အလွတ်သဘော တွေ့ဆုံဖို့ စစ်ကောင်စီဘက်က ဇန်နဝါရီ ၆ ရက် ရက်စွဲပါစာနဲ့ ပို့လာခဲ့တယ်လို့ ရဲဘော် မျိုးဝင်းက RFA ကို ဇန်နဝါရီ ၁၆ ရက် ဒီနေ့ ပြောပါတယ်။
"အဲဒီကိစ္စပေါ်မူတည်ပြီး PPST အသင်းမှာ ဆွေးနွေးညှိနှိုင်းမယ့် အနေအထားပဲ ရှိပါသေးတယ်။ ဒီစာကို ရရှိပြီးတဲ့အပေါ် လက်ရှိဖြစ်နေတဲ့ အခြေအနေအားလုံး သုံးသပ်ပြီးတော့မှ ညှိနှိုင်းရမယ့်ကိစ္စ ဖြစ်နေတယ်လို့ပဲ မှတ်ယူထားပေးပါခင်ဗျ"
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေး လုပ်မယ်လို့ ပြောခဲ့ဖူးပြီး လက်ရှိမှာတော့ NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အနည်းဆုံး သုံးဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။
(PPST) ထဲမှာပါဝင်တဲ့ အင်အားကြီး အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ကျောင်းသားတပ်မတော် (ABSDF) ကလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် (NCA) ခြောက်နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ PPST ထဲက ကျောင်း သားတပ်မတော် (ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမို ကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအို့ဝ်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စတဲ့ ၇ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။