စစ်ကောင်စီလက်ထက် သတင်းမီဒီယာကဏ္ဍ အဆိုးဝါးဆုံးဖြစ်နေ
2021.05.03
စာနယ်ဇင်းသမားတစ်ယောက်ကို ရေငုံနှုတ်ပိတ်အောင်လုပ်လိုက်တာဟာ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တာကြောင့် စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေးကို လေးစားကာကွယ် ဖြည့်ဆည်းကြဖို့ ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂက တိုက်တွန်းနေချိန်မှာပဲ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းမီဒီယာ ခြောက်ခုကို စစ်တပ်က ထုတ်ဝေခွင့်ပိတ်ထားသလို သတင်းသမား ၄၀ ကျော်ဟာလည်း ဖမ်းဆီးတရားစွဲဆိုခံနေကြရပါတယ်။
ဒီနေ့ မေလ ၃ ရက် “ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့” မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ လူအခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က “လူသား တွေအတွက် ကောင်းကျိုးချမ်းသာကို ဖြည့်ဆည်းပေးရာမှာ၊ မှန်ကန်တိကျတဲ့ သတင်းအရင်းအမြစ်ဟာ အများပြည်သူတွေအတွက်ဖြစ်တယ်၊ စာနယ်ဇင်းသမားတစ်ယောက်ကို ရေငုံနှုတ်ပိတ်နေစေတာဟာ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် ဆုံးရှုံးမှုတစ်ခုပင်ဖြစ်တယ်၊ လူထုကို အမြဲမပြတ်သတင်းပေးဖို့အတွက် ခိုင်မာတဲ့ သံဓိဌာန် ချမှတ်ထားတဲ့ စာနယ်ဇင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို အပြည့်အ၀ ချီးကျူးဂုဏ်ပြုဖို့ အတွက် စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေးကို လေးစားကာကွယ် ဖြည့်ဆည်းပေးဖို့ ကျွန်မတို့ အားလုံး တောင်းဆိုရမယ်” လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးတွေကလည်း မြန်မာနိုင်ငံက မီဒီယာဝန်ထမ်းတွေအားလုံးကို ချက်ချင်း လွှတ်ပေးဖို့၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးလွတ်လပ်ခွင့် ပျိုးထောင်ဖို့နဲ့ အင်တာနက် ပိတ်ဆို့မှုများ အားလုံးကို ရပ်ဆိုင်းဖို့ ဒီနေ့ စုပေါင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
နယ်ခြားမဲ့ သတင်းသမားများအဖွဲ့ RSF က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွန်းကိန်း အစီရင် ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အကြောင်း သီးသန့်ဖော်ပြထားတာ မရှိဘဲ၊ တရုတ်နဲ့ ဗီယက်နမ် အပါအဝင် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်ရှိတဲ့ အာရှပစိဖိတ်ဒေသက နိုင်ငံ ၃၄ ခုဟာ ကမ္ဘာပေါ်မှာ ဘလော့ဂါတွေနဲ့ သတင်းသမားတွေကို ထောင်သွင်းအကျဉ်းချဆုံး နိုင်ငံတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မတ်လ ၈ ရက်နေ့က Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ်သတင်းဌာနတွေကို ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့သလို မေလ ၂ ရက်နေ့ ကလည်း ကချင်ပြည်နယ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ထုတ်ဝေခွင့်ပိတ်သိမ်းလိုက်တဲ့အကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့ပါတယ်။
အီးမေးလ်ကနေတဆင့် ပေးပို့ခဲ့တဲ့ အဲဒီအကြောင်းကြားစာမှာတော့ မြစ်ကြီးနားသတင်းဂျာနယ်ဟာ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေပါ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အားပေးကူညီရာ ရောက်တဲ့အကြောင်းအရာတွေကို ရေးသားခဲ့တာကြောင့် ဧပြီလ ၂၉ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တဲ့အကြာင်း ပါရှိတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်က ပြောပါတယ်။
အယ်ဒီတာချုပ် မဆိုင်းမိုင်က သူတို့ ဂျာနယ်အနေနဲ့ အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြခဲ့လို့ အခုလို ထုတ်ဝေခွင့် ပိတ်သိမ်းခံရတာလို့ ယူဆကြောင်း ပြောပါတယ်။
“မြစ်ကြီးနား ကချင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ ဒေသတွင်း ဂျာနယ်တစ်ခုဖြစ်တယ်ပေါ့နော်။ တရား ဝင်ရပ်တည်နေတဲ့ တစ်ခုတည်းသော ဂျာနယ်တစ်စောင်လည်းဖြစ်တယ်ပေါ့နော်။ ပရိတ်သတ်ကလည်း များတဲ့ဂျာနယ် တစ်စောင်ဖြစ်တဲ့အခါကျတော့ ဒါကိုသူတို့က ရိုက်ချိုးလိုက်တာလို့မြင်တယ်။ ပြီးတော့ ကျွန်မတို့ဂျာနယ်ကို ပိတ်သိမ်းလိုက်တာဟာ ကချင်ပြည်သူတွေကို သတင်းအမှောင်ချလိုက်တာပဲလို့ ကျွန်မတို့ မြင်တယ်ပေါ့နော်။ ကျွန်မတို့ကတော့ သူတို့ မဟုတ်မမှန်လုပ်နေတဲ့ဟာတွေကို ကျွန်မတို့က စစ်ကောင်စီက အာဏာသိမ်းတဲ့ အချိန်ကပင် အခုအချိန်အထိ ကျူးလွန်ခဲ့တဲ့လူ့အခွင့်အရေးတွေ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကျွန်မတို့က ရေးသားဖော်ပြခဲ့တဲ့အတွက်ကြောင့်လို့ ကျွန်မတို့ ထင်တယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီဟာတွေက ကျွန်မတို့ အမှန်တရားတွေကိုပဲ ပြောခဲ့တာဖြစ်တယ်”
အခုလို ထုတ်ဝေခွင့်မပိတ်သိမ်းခင် စစ်ကောင်စီက တစ်စုံတစ်ရာ သတိပေးတာတွေလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မြစ်ကြီးနားသတင်းဂျာနယ်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို အရှိအတိုင်း ရေးသား ဖော်ပြခဲ့တာဖြစ်ပြီး စစ်ကောင်စီက စွပ်စွဲသလို ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပါ စည်းကမ်းတွေကို ချိုးဖောက်ခဲ့ခြင်းမရှိခဲ့ဘူးလို့လည်း မဆိုင်းမိုင်းက ပြောပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်ကို ထုတ်ဝေခွင့်မပိတ်သိမ်းခင် ဧပြီလ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ဂျာနယ်တိုက်က အမျိုးသမီးသတင်းထောက် တစ်ဦး အပါအဝင် သတင်းထောက် သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
RFA က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ မေလ ၂ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမား ၄၅ ဦး ရှိပါတယ်။
အဲဒီအထဲက သတင်းသမား ၄၂ ဦးဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က) နဲ့ တရားစွဲခံထားရပြီး Voice Of Myanmar (VOM) အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်၊ DVB က ရုပ်သံသတင်းထောက် ကိုသူရစိုး တို့ သုံးဦးကတော့ အခုလက်ရှိအချိန်ထိ ဖမ်းဆီးခံ ထားရဆဲဖြစ်ပေမယ့် အမှုဖွင့်ခံရတာရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထုတ်ဝေခွင့် ပိတ်သိမ်းခံထားရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းဌာနရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးချမ်းနိုင်ကတော့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေရဲ့ အခြေအနေဟာ အဆိုးဝါးဆုံး အခြေအနေ တစ်ခုကိုရောက်နေပြီလို့ မှတ်ချက်ပြုပါတယ်။
“ကျွန်တော့် အမြင်အရတော့ မြန်မာပြည်မှာ အဆိုးဝါးဆုံး အခြေအနေလို့တောင် ပြောလို့ရတယ်။ တရားဝင်မှတ်ပုံတင်ထားတဲ့ သတင်းဌာနတွေ ကျွန်တော်တို့ဌာန အပါအဝင်ပေါ့နော် သတင်းဌာန ခြောက်ခု လိုင်စင်ရုပ်သိမ်းခံရတယ်။ နောက်တစ်ခုက သတင်းထောက်တွေက အခုဖြစ်ပျက်နေတာတွေကို သတင်းယူမယ်ဆိုရင်လည်း ဖမ်းဆီးခံရတယ်။ အာဏာသိမ်းပြီးကတည်းက အခုအချိန်အထိ သတင်းသမား ၆၀ ကျော်လောက် အဖမ်းခံခဲ့ရတယ်။ အဲဒီအထဲက သတင်းသမား ၄၀ ကျော်က အခုထိ ထောင်ထဲမှာ ရှိနေတယ်။ ရှေ့နေတွေနဲ့လည်း သေချာတွေ့ခွင့်မရဘူး။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရဘူး။ ဆိုတော့ ဒါကသတင်းတစ်ခုတည်း မဟုတ်ဘူး။ သတင်းစီးဆင်းနေတဲ့ ဖုန်းအင်တာနက်ကို ဖြတ်တောက်ထား တဲ့ဟာမျိုး အဲဒီမျိုးတွေလည်း ဖြစ်ပျက်နေတာတွေ အများကြီးတွေ့ရတယ်။ ဆိုတော့ ဗမာပြည်သမိုင်း မှာပြန်ကြည့်ရင် ဒီနေ့ဒီအချိန်ဟာ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး အခြေအနေလို့ ပြောလို့ရပါတယ်”
အဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါကြောင်းပြောနေပေမယ့် လက်တွေ့မှာတော့ သတင်းမီဒီယာ တွေကို ဖိနှိပ်နေတယ်လို့ မဇ္ဈိမသတင်းဌာန အယ်ဒီတာ ဦးစိန်ဝင်းက ဝေဖန်ပါတယ်။
“အခုဒီဟာကကျတော့ အမှောင်ခေတ်ကို ရောက်သွားပြီ။ သတင်းစာလွတ်လပ်ခွင့်ဆိုတာက ဘာမှကို မရှိတော့ဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တော်တော်ဆိုးတယ်ဗျ။ သူက အပြောတစ်မျိုး အလုပ်တစ်မျိုး။ သူက သတင်းမီဒီယာဟာ စတုတ္ထမဏ္ဍိုင်လို့ လျှောက်ပြောနေပေမယ့် တကယ့်တကယ် မှာကျတော့ သူက သတင်းစာရှိတာကို လုံးဝကိုမခံနိုင်တဲ့သူ။ သူစတက်လာကတည်းက သတင်းတိုက် တွေကို ဒုက္ခပေးရင်း စတက်လာတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာဆိုရင် Mizzima ရယ် DVB ရယ်ကို Free to Air ချန်နယ်ထဲကနေ ဖြုတ်ချထားလိုက်တယ်။ ပြီးတော့ Skynet ရုံးခန်းထဲမှာ တပ်က ဝင်သွား ထိုင်လိုက်တယ်။ အဲဒီလိုမျိုး စလုပ်တာ။ ပြီးလည်းပြီးရော သတင်းတိုက် ငါးတိုက်ကို သူကပေးမလုပ် တော့ဘူး။ ပြီးရင် ဖမ်းတာဆီးတာတွေ တောက်လျှောက်လုပ်လာတယ်။ အဲတော့ သူ့ရဲ့လုပ်ဆောင်ချက်ကို ဒီမိုကရေစီနဲ့ ဘယ်လိုမှ သွားယှဉ်လို့မရဘူး”
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) တာဝန်ယူခဲ့ဖူးတဲ့ ဦးမြင့်ကျော်ကတော့ စစ်ကောင်စီအနေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာကို မလိုချင်ဘဲ ဝါဒဖြန့်ဖို့အတွက်ပဲ ရှိစေချင်တာကို မြင်နေရတယ်လို့ ပြောပါတယ်။
“လွတ်လပ်တဲ့မီဒီယာကို မလိုလားတာတော့ အမှန်ပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအနေအထားကိုက ဝါဒဖြန့်တဲ့ ဟာမျိုးကိုပဲ သူကရည်ရွယ်ပြီးပြောတာလို့ ကျွန်တော်ကတော့ အဲလိုပဲနားလည်တယ်။ လွတ်လပ်တဲ့မီဒီယာကိုတော့ မလိုလားဘူးပေါ့နော်။ ဆိုတော့ တဘက်မှာ မီဒီယာထဲမှာတော့ တစ်ခါ တစ်လေမှာ ဒီလှုပ်ရှားမှုကို ရေးတာလည်းရှိတာပဲ။ ဒါကသဘာဝပဲ ဘယ်အချိန်မဆို ရှိကြတာပဲလေနော်။ တစ်ဘက်မှာလည်း နိုင်ငံပိုင် မီဒီယာတို့ဘာတို့ဆိုတာ အမြဲတမ်း ဝါဒဖြန့်ချိရေးသဘောမျိုးနဲ့ပဲ လုပ်ဖြစ် ကြတာ။ အခုကတော့ ဒီလိုအခြေအနေမှာ ပိုဆိုးတဲ့ ပိုမြင့်တဲ့ဝါဒဖြန့်ချိရေးတွေ ဖြစ်နေတာပေါ့နော်”
စစ်ကောင်စီလက်ထက်မှာ သတင်းထောက်တွေက ဘက်မျှအောင်ရေးသားခွင့် မရှိတော့သလို ပြည်သူတွေ မှာလည်း သတင်းသိပိုင်ခွင့်တွေ ဆုံးရှုံးနေရတယ်လို့ သူက ဆိုပါတယ်။
အင်းစိန်ထောင်ထဲကနေ အမှုရင်ဆိုင်နေရတဲ့ သတင်းသမားအချို့ကို ဥပဒေအကျိုးဆောင်အဖြစ် ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်မြင့်ကတော့ လက်ရှိတည်ဆဲဖြစ်တဲ့ သတင်းမီဒီယာဥပဒေ အသက်ဝင်လာ အောင် တပ်မတော်အနေနဲ့ သတင်းသမားတစ်ဦးချင်းစီရဲ့ အမှုအခြေအနေကို သုံးသပ်ပြီးတော့ ပြန်လည် ရုပ်သိမ်းဖို့ တိုက်တွန်းပါတယ်။
“ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေနဲ့ပတ်သက်ရင် အမှုတစ်ခုချင်းတစ်ခုချင်းစီအပေါ်မှာ ဖြစ်စဉ်တွေအပေါ်မှာ သေချာသုံးသပ်ပြီးတော့ တကယ့်ကိုသတင်းသမားအဖြစ်နဲ့ သတင်းထောက်အဖြစ်နဲ့ သတင်းရယူနေတုန်းမှာ မှားယွင်းပြီးတော့ဖမ်းဆီးခံရတယ်ဆိုလို့ရှိရင် ဒါဟာသတင်းမီဒီယာ ဥပဒေ ပုဒ်မ(၇)အရ ကင်းလွတ်ခွင့်ရှိတဲ့အတွက် ပြန်ပြီးတော့ အမှုကိုရုပ်သိမ်းတာမျိုး ကျွန်တော်တို့က ဖြစ်စေချင်တယ်။ ဒါမှသာလျှင် တည်ဆဲဖြစ်တဲ့ သတင်းမီဒီယာဥပဒေက အာဏာတည်မှာဖြစ်သလို သတင်းသမားတွေအနေနဲ့လည်း သတင်းလွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ ဥပဒေအရ ကာကွယ် စောင့်ရှောက်ပိုင်ခွင့်တွေက အသက်ဝင်လာမှာဖြစ်တယ်။ ဒါကြောင့်မို့ အဲလိုမျိုး ကျွန်တော်တို့က သတင်းမီဒီယာသမားတွေအပေါ်မှာ ပြန်လည်သုံးသပ်ပြီး အမှုရုပ်သိမ်းဖို့ကိုတော့ အလေးထားပြီး စဉ်းစားစေချင်တယ်လို့ ကျွန်တော်က အဲလိုလေး ပြောချင်ပါတယ်”
ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်တွေမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်တာတွေ လုပ်ခဲ့ပေမယ့်လည်း သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကတော့ ရှိခဲ့တယ်လို့ ပြည်တွင်းသတင်းသမားတွေက ထောက်ပြကြ ပါတယ်။
အခု စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာတော့ သတင်းမီဒီယာတွေ ကန့်သတ်ဖိနှိပ်ခံရတာတွေ အပြင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်လည်း မရှိတော့ဘူးလို့ သတင်းသမားတွေက ပြောပါတယ်။