NLD နာယက သူရ ဦးတင်ဦးထံ စစ်ကောင်စီဥက္ကဋ္ဌ လာရောက်တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကတစ်ဦးလည်းဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဟောင်းလည်းဖြစ်တဲ့ သူရ ဦးတင်ဦးထံ လက်ရှိ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၅ ရက် ဒီနေ့မနက်က နာရီဝက်ခန့်ကြာ လာရောက်တွေ့ဆုံခဲ့တယ်လို့ NLD နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် ဗောဓိရိပ်သာလမ်းသွယ်က သူရဦးတင်ဦးရဲ့ အိမ်ကို လာရောက် တွေ့ဆုံတာဖြစ်ပြီး ကျန်းမာရေးကိစ္စတွေပဲ ပြောဆိုခဲ့ကာ နိုင်ငံရေးအကြောင်းတွေတော့ မပြောကြဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
“ဗိုလ်ချုပ်မှူးကြီးက ဘဘ ကျန်းမာရေး မကောင်းဘူးကြားလို့ လာတွေ့တာပေါ့၊ လိုအပ်တာရှိရင် ပြောဖို့၊ အခု ရန်ကုန်ရောက်တုန်း ဝင်လာတာဆိုပြီး ပြောတယ်။ ကျန်းမာရေးအကြောင်းတွေ အပြန်အလှန် ပြောကြတယ်။ နိုင်ငံရေးတော့ မပါဘူး။ အခုလိုလာတာကတော့ အောင်မြေလာနင်းတာထင်ပါတယ်။ ဘယ်လိုအကွက် ရွှေ့မလဲတောင် မပြောတက်ဘူး။ ခါတိုင်းဆို တိုင်းမှူးတွေနဲ့ပဲ စားစရာတွေ ပို့လေ့ရှိတယ်“
စစ်ကောင်စီခေါင်းဆောင်အနေနဲ့ NLD နာယက သူရ ဦးတင်ဦးထံ ပထမဆုံးအကြိမ် လာရောက်တာလို့လည်း ဆိုပါတယ်။
လက်ရှိ အသက် ၉၀ ကျော်ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ကျန်းမာရေး ကောင်းမွန်နေပြီး စကားတော့ ပီပီသသ မပြောနိုင်ဘူးလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က နေအိမ်က ရေချိုးခန်းထဲ ချော်လဲခဲ့ပြီး လေဖြတ် ဝေဒနာ ခံစားနေရတာဖြစ်ပါတယ်။
စစ်တပ်ကနေလည်း ဦးတင်ဦးထံ စားသောက်ဖွယ်ရာတွေ မကြာခဏ ပို့ပေးလေ့ရှိတယ်လို့လည်း ပြောပါ တယ်။
ဒီလိုလာရောက်တွေ့ချိန်မှာ နာယက ဦးတင်ဦးဟာ NLD ပါတီ ကိုယ်စားပြု ပင်နီတိုက်ပုံ၊ ခွပ်ဒေါင်းအလံ ရင်ထိုးတွေ ဝတ်ဆင်ပြီးတွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။
အလားတူပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့မှာ ဗိုလ်ကလေးတင့်အောင်နဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ် ဦးခင်ညွှန့်ကိုလည်း သွားရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် RFA က သီခြားစုံစမ်းလို့ မရသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ NLD နာယကဦးတင်ဦးနဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ် ဦးခင်ညွှန့်တို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်တွေ့ဆုံခဲ့ကြောင်း ပြည်တွင်းသတင်းဌာန တစ်ခုဖြစ်တဲ့ Popular သတင်းဌာနကို အတည်ပြုပြောထားပါတယ်။