လက်ပံတောင်းကြေးနီစီမံကိန်းအနီးက ရွာတွေကို စစ်ကောင်စီ အင်အားသုံးရှင်းလင်း
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းအနီးတစ်ဝိုက်က ရွာတွေကို စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက် မနေ့ကစလို့ အင်အားသုံးပြီး ဝင်ရောက်စီးနင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလုပ်ရပ်တွေကြောင့် အနီးအနားမှာရှိတဲ့ ဖောင်းကတာ၊ ကျောက်ဖြူတိုင်၊ ဆည်တဲ၊ ဇီးတော၊ မိုးကြိုးပြင် (မြောက်ရွာ) စတဲ့ ရွာပေါင်း ၂၀ ကျော်က ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
"အိမ်ခြေက အတိအကျ မသိရသေးဘဲ ရွာသုံးပုံမှာ နှစ်ပုံလောက်ပါသွားတယ်"
ဝမ်ပေါင်ကုမ္ပဏီမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ လောက်ဟာ မိုးကြိုး ပြင် (မြောက်ရွာ) ကို ဇွန်လ ၂၁ ရက် မနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နောက် နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသား တစ်ဦးက ပြောပါတယ်။
“မနေ့က မနက်ခင်းက လာမယ်ဆိုလို့ ကင်းချထားတယ်၊ လာတဲ့ပုံစံက လက်နက်ကြီးနဲ့ ထုပြီးလာတာ။ မနက်ခင်းမှာ ရွာထဲက နေအိမ်တွေကို စမီးရှို့ခဲ့ပြီး ညနေပိုင်းမှာတော့ တစ်ရွာလုံးကိုမီးရှို့တာ၊ ရွာမှာသတင်းသိချင်လို့ အထောက်ထားတဲ့နှစ်ယောက်ကို ဖမ်းပြီး တော့ သတ်တာပဲ၊ တစ်ယောက်က လက်နှစ်ဖက်လုံး ဖြတ်ခံရတယ်။ တစ်ယောက်က ဗိုက်ကို ဓားတွေနဲ့ မွှန်းထားတယ်။ အိမ်ခြေက အတိအကျ မသိရသေးဘဲ ရွာသုံးပုံမှာ နှစ်ပုံလောက်ပါသွားတယ်။ ဘုန်းကြီးကျောင်းနားတစ်ဝိုက်ပဲ မီးမလောင်ခဲ့တာ“
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘာကြောင့် အခုလိုဝင်ရောက်မီးရှို့တယ်ဆိုတာ မသိရဘူးလို့ သူက ပြောပါတယ်။ မိုးကြိုးပြင် (မြောက်ရွာ) မှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး အဲဒီအထဲက ၃၀၀ ခန့် မီးရှို့ခံခဲ့ရသလို ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်သားတွေဟာ မနေ့ညပိုင်းက ရွာကနေပြန်ထွက်သွားပြီးနောက်ပိုင်း ဒေသခံတွေ ရွာကိုပြန်လာကြတဲ့အခါ သတ်ဖြတ်ခံရတဲ့ PDF ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးရဲ့ ရုပ် အလောင်းကို တွေ့ရှိခဲ့ကြပြီး အဲဒီရုပ်အလောင်းတွေကို ဒီနေ့ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၂ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်က မိုးကြိုးပြင် (မြောက်ရွာ) နဲ့ နှစ်မိုင် လောက်ဝေးတဲ့ ဆည်တဲရွာဟောင်းကို ဝင်ရောက်နေတာကြောင့် ဒေသခံတွေထွက် ပြေးနေကြရပြီး မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့အထဲက အမျိုးသား ၆၀ ဝန်းကျင်လောက်ကတော့ ရွာဘုန်းကြီးကျောင်းအတွင်းမှာ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်သားတွေ ရုတ်တရက် ရောက်လာတာကြောင့် အသက်လုပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဆည်တဲရွာဟောင်းက ရွာသားတစ်ဦးက ပြောပါတယ်။
“စစ်သားတွေ ဝင်ကတည်းက အပြင်ဘက်ကိုထွက်ပြေးခဲ့ရတာ၊ ရွာက ဖုန်းတွေကလည်း သိပ်ပြီးတော့ ဆက်သွယ်လို့မရဘူး၊ ဖမ်းတယ်လို့သာပြောတာ၊ မိန်းမတွေကို ပြန်လွတ် တယ်ပြောတယ်။ ဝင်တယ်ဆို ကတည်းက တန်းပြေးလာတာ၊ လှည့်ကိုမကြည့်ရဲဘူး၊ ပစ္စည်းလေးတွေက တချို့နိုင်သလောက်သယ်လာရပေမယ့် တချို့ မသယ်ခဲ့ရဘူး၊ အကြမ်းဖက်ဝင်တော့ ကြောက်ကြတာ၊ အခုက မပြေးနိုင်တဲ့သူတွေ ဖမ်းခံရတာ“
အာဏာသိမ်း စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ရပ်တန့်ထားဖို့နဲ့ ဝန်ထမ်းတွေ CDM လုပ်ဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း စစ် ကောင်စီက စီမံကိန်းတည်ရှိရာ အနီးအနားရွာတွေကို စီးနင်းဝင်ရောက်မှုတွေ ခပ်စိပ်စိပ် လုပ်လာခဲ့တာ အခုရက်ပိုင်းတွေအတွင်းမှာတော့ အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအပေါ် စစ်တပ်ရဲ့ အင်အားသုံးဆောင်ရွက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဇွန်လ ၂၁ ရက် မနေ့က ဒေသကာကွယ်ရေး အဖွဲ့ ခုနစ်ဖွဲ့ပေါင်းပြီး ဝမ်ပေါင်စီမံကိန်းအတွင်းက လျှပ်စစ်ဖြန့်ဖြူးရေးနေရာနဲ့ အက်စစ်ကန် နေရာတွေကို လက်လုပ် လက်နက်ကြီး အလုံး ၁၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံအဖွဲ့တွေက ပြောပါတယ်။ ဒါပေမဲ့ ပျက်စီးမှုအခြေ အနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ပံတောင်းဒေသက ရွာတွေကို မီးရှို့မယ်ဆိုရင် စီမံကိန်းကို နေ့စဉ် တိုက်ခိုက်သွားမယ်လို့ Salingyi Revolution Army (SRA) အဖွဲ့က အဖွဲ့ဝင် ကိုဇွဲထက်က ပြောပါတယ်။
“အဝေးပစ်တွေကို အဓိကအသုံးပြုရတာပေါ့၊ ၆၀၊ ၈၀၊ ၁၂၀ တွေသုံးတာပေါ့၊ အဓိကက တော့ အက်စစ်ကန်နဲ့ လျှပ်စစ်ခွဲရုံကို တိုက်ခိုက်ခဲ့တာ၊ ပစ်လိုက်တာကြောင့် မီးလောင် တာကိုတော့ မြင်ခဲ့ရတယ်။ အဓိက တော်လှန်ရေး ရည်ရွယ်ချက်က စစ်ကောင်စီပြုတ် ကျရေးပဲ၊ လက်ပံတောင်းဒေသကို အခုမီးရှို့တယ်။ စစ်ရေးကတော့ တင်းမာလာမှာပဲ“
အခုလက်ရှိမှာလည်း စစ်ကောင်စီတပ်ကို ခုခံဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေ စုစည်းတိုင်ပင် နေတယ်လို့ ဆိုပါတယ်။
အခုလို ကြေးနီစီမံကိန်းအနီးက ရွာတွေကို အင်အားသုံး စီးနင်းနေတာနဲ့ မိုးကြိုးပြင်ရွာက နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေကို ဥပဒေအရရော၊ မြေပြင်အခြေနေအရရော ကာကွယ်ပေးဖို့ အစိုးရအဆက်ဆက်မှာ တာဝန်ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က RFA ကို ပြောထားပါတယ်။
နေအိမ် ဆုံးရှုံးရတဲ့ မိုးကြိုးပြင် (မြောက်ရွာ) က ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်က သူတို့ရဲ့ ရွာကို မီးရှို့တာကို အဝေးကပဲ လှမ်းကြည့်နေခဲ့ရတယ်လို့ ပြောပါတယ်။
“ရွာမီးရှို့နေတာကို တခြားတစ်နေရာကနေကြည့်နေရတာ၊ လက်သီးတွေဆုပ်ပြီး ယော က်ျားကြီးတွေပေမယ့် သတ္တိမနည်းဘူး၊ ယောက်ျားတွေတန်ပေမယ့် မျက်ရည်တွေဝဲ နေပြီး တစ်ယောက်နဲ့ တစ်ယောက် အံတွေကြိတ်ပြီး ကြည့်နေရတာ၊ ဘာမှလည်း မလုပ်နိုင်ဘူး၊ လုပ်စရာလည်းမရှိဘူး၊ နောက်လှည့်ကြည့် ကျောပဲရှိတယ်။ အဆုံးထိ တိုက်ပွဲဝင်ရမှာပဲ“
အခုလက်ရှိမှာတော့ နေအိမ်ဆုံးရှုံးသွားတာကြောင့် နေစရာအခက်ခဲရှိနေသူတွေ ဘုန်းကြီး ကျောင်းနဲ့ နီးစပ်ရာရွာတွေမှာ သွားနေနေရတယ်လို့ ဆိုပါတယ်။
လက်ပံတောင်းတောင်ဒေသက ရွာတွေဟာ အင်တာနက်ဖြတ်တောက်ခံထားရပြီး ဒီကနေ့ မှာလည်း ဖုန်းလိုင်းတွေ အဆင်မပြေဘူးလို့ ဒေသခံတွေက ပြောပါတယ်။