ရေစကြို မြေတော်ရွာက နေအိမ် ၂၇၀ ကျော် မီးရှို့ခံရ

RFA Burmese
2025.03.24
ရေစကြို မြေတော်ရွာက နေအိမ် ၂၇၀ ကျော် မီးရှို့ခံရ မကွေးတိုင်း၊ ရေစကြိုမြို့နယ် မြေတော်ကျေးရွာက မီးရှို့ခံထားရသည့် နေအိမ်များကို မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: Yesagyo Township Info Committee

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာရှိတဲ့ မြေတော်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၄ နဲ့ ၁၅ ရက်တွေမှာ ဝင်ရောက်စီးနင်းချိန် နေအိမ် ၂၇၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မကွေးတိုင်းက အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ Yesagyo Township Info Committee က မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းဝင်ရောက်ပြီး နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးတာနဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကိုပါ ယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေလယ်ကျွန်းဒေသမှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေရှိလာပြီးနောက် စစ်ကောင်စီတပ်က မတ်လ ၂ ရက်နေ့ကစလို့ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ ဒေသခံအချို့က ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းမှာ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နဲ့ ရေစကြိုမြို့က ခမရ (၂၅၆)၊ (၂၅၇)၊ (၂၅၈) တပ်ရင်းက စစ်သား အင်အားနှစ်ရာကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်းကလည်း ရေလယ်ကျွန်းဒေသမှာရှိတဲ့ မြေစွန်းတော်ရွာမှာ အိမ်ခြေ ၂၆၆ လုံး၊ ဇရပ်နီကျေးရွာက နေအိမ် ၆၈ လုံး၊ သာဂေါင်လေးကျေးရွာက နေအိမ် ၂၀၊ စုစုပေါင်း နေအိမ် ၃၅၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Yesagyo Township Info Committee က မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မတ်လ ၂၅ ရက် ဒီနေ့မနက်က ဖုန်းနဲ့ဆက်သွယ်ခဲ့ရာမှာ ဒီမေးမြန်းမှုအပေါ် သူ့အနေနဲ့ ဖြေကြားမှာမဟုတ်ဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ မြေစွန်းတော်၊ ဇရပ်နီနဲ့ မြေတော်ရွာတွေက နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေဟာ စားဝတ်နေရေး၊ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ Yesagyo Township Info Committee ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၅ ဇန်နဝါရီလအထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း လေးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်နဲ့ အဆောက်အအုံပေါင်း ၁၁၃၁၀၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။