နိုင်ငံပိုင် သယံဇာတတွေကို ဥပဒေမဲ့ ထုတ်ယူမှုအပေါ် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

RFA Burmese
2025.02.24
နိုင်ငံပိုင် သယံဇာတတွေကို ဥပဒေမဲ့ ထုတ်ယူမှုအပေါ် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန် ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ရွှေတူးဖော်နေသည့်လုပ်ကွက်အချို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဥ်။
Citizen Photo

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နိုင်ငံပိုင် သယံဇာတတွေကို ဥပဒေမဲ့ ထုတ်ယူနေမှုအပေါ် အရေးယူတိုက်ဖျက်သွားမယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာတွေက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒေသတချို့မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အခွင့်ကောင်းယူပြီး စီးပွားရေးသမားတွေက နိုင်ငံပိုင်သယံဇာတတွေကို ဥပဒေမဲ့ထုတ်ယူကာ လက်နက်ကိုင်ဆောင်ထားတဲ့ အင်အားစုတွေကို ထောက်ပံ့နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီဒေသတွေမှာ သစ်ထုတ်လုပ်တာ၊ ရွှေတူးဖော်တာ၊ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတာနာတွေ တူးဖော်တာ၊ မြေရှားနဲ့ အခြားဓာတ်သတ္ထုတွေကို ဥပဒေမဲ့ ထုတ်ယူမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သယံဇာတ ထွက်ရှိတဲ့ဒေသတွေကို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီရဲ့ အရေးယူမှုဟာ လက်တွေ့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“သယံဇာတ ထုတ်လုပ်တဲ့ လုပ်ငန်းတွေအားလုံးက ပြည်နယ်တွေမှာရှိပြီး အဲဒီပြည်နယ်တွေကလည်း ကျွန်တော်တို့ သက်ဆိုင်ရာ EAOs အဖွဲ့အစည်းတွေက ထိန်းချုပ်မှုအောက် ရောက်နေတဲ့အခါကျတော့ အဲဒီ အကျိုးအမြတ်တွေ ခံစားခွင့် စစ်ကောင်စီအနေနဲ့ မရဘူးပေါ့ဗျာ။ အဲဒီလို မရတဲ့အခြေအနေအောက်မှာ ဒါတွေ ရအောင် ကြိုးပမ်းသွားမယ်ဆိုတာ ဒီဟာကတော့ မဖြစ်နိုင်တဲ့ကိစ္စတွေကို သူ့စစ်တပ် အားရအောင် လေသံတွေ လွှင့်တာပါ။ ဒီဒေသတွေကို ပြန်လည်ရရှိဖို့ သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ဖြစ်စဥ်မှာ အခုအချိန်အထိ အောင်မြင်မှုတစ်ခုမှ မရဘူး”

နိုင်ငံပိုင် သယံဇာတတွေကို ဥပဒေမဲ့ ထုတ်ယူရာမှာ ဒေသခံပြည်သူတွေကို ငွေကြေးနဲ့ ဆွဲဆောင်စည်းရုံးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီအခြေအနေတွေဟာ အကြမ်းဖက်မှုဥပဒေအရ အကြမ်းဖက်ကို အားပေးမှု မြောက်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဝါရှင်တန် ဒီစီအခြေစိုက် Global Forest Watch ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ ၂၀၂၄ အောက်တိုဘာ တစ်လတည်းမှာတင် သစ်တောပြုန်းတီးမှု ဧရိယာဟာ ဧက ၃၄၀၀ ကျော် (၃၄၃၄ ဒသမ ၇၆၅ ဧက) ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၀၁ ကနေ ၂၀၂၃ ခုနှစ်အထိ အနှစ်နှစ်ဆယ်ကျော်မှာ သစ်တောပြုန်းတီးမှု အများဆုံး ထိပ်တန်း ငါးနေရာအဖြစ် ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်တို့ကို ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဝဘ်ဆိုက်မှာ အစဥ်လိုက် ထုတ်ပြန်ထားပြီး ဧက ကိုးသန်းကျော် သစ်တောပြုန်းတီးနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။