ပုလဲမြို့နယ်ထဲက စစ်တပ် ထောက်ခံတဲ့ရွာထဲ PDF တွေ ဝင်တိုက်

2022.01.29
ပုလဲမြို့နယ်ထဲက စစ်တပ် ထောက်ခံတဲ့ရွာထဲ PDF တွေ ဝင်တိုက် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ PDF တပ်ဖွဲ့ဝင်များကို ၂၀၂၂ ဇန်နဝါရီ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Pale Gucrrilla Force

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေကို စစ်သင်တန်းပေး နေတဲ့ ဇီးဖြူကုန်းရွာကို ဇန်နဝါရီ ၂၈ ရက် မနေ့ညက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF ငါးဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံးတာတွေ ရှိတယ်လို့ ပုလဲမြို့ ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

“ဇီးဖြူကုန်းမှာ စစ်သင်တန်းပေးနေတာ တစ်ပတ်ကျော်လောက်ရှိနေပြီ။ ရွာက ပျူ တစ်ဝက်၊ စစ်အာဏာရှင် ဆန့်ကျင်တဲ့သူ တစ်ဝက်ရှိတယ်။ အခုလို တိုက်တာကတော့ ပျူတွေ သင်တန်းဖွင့်လို့ မရအောင်တိုက်တဲ့သဘောပေါ့၊ သူတို့ဘက်က အသေဆုံးတွေ ရှိတယ်။ အတိအကျတော့ မပြောနိုင်ပေမယ့် ဒီမနက် မီးသင်္ဂြိုဟ်ဖို့ လုပ်နေတယ်လို့ သတင်းကြားရတယ်”

ပုလဲမြို့နယ် (ပကဖ)၊ အောင်ဆန်းတပ်ဖွဲ့၊ သံမဏိ - MPDF ၊ PRA နဲ့ Chindwin Attack Force အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF တပ်ဖွဲ့ဘက်ကတော့ အထိခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပြီး အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ထောက်ခံသူတွေကို စစ်သင်တန်းတွေပေးနေပြီး ပုလဲနယ်ထဲမှာဆိုရင် ဇီးဖြူကုန်းရွာနဲ့ အင်မထီးရွာတွေမှာပါ သင်တန်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့ထဲနဲ့ ကန့်ဒေါင့်ရွာတွေမှာ တပ်စွဲထားလို့ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။