မင်းကင်းမှာ စစ်ကောင်စီတပ်တွေကို တောင်တွင်း PDF တို့က ဝင်တိုက်

မင်းကင်းမြို့နယ် တောင်တွင်း PDF တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ၂၅ ရက် ဒီကနေ့ မနက်က ကလေးဝ - မုံရွာသွားတဲ့ အာရှလမ်းမကြီးဘေးက ဂုံညင်းရွာအနီးမှာ မနက် ကိုးနာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ချီတက်လာကြတာကို တောင်တွင်း PDF တပ်ဖွဲ့ဝင်တွေက ကြားဖြတ်ဝင်တိုက်တာလို့ တောင်တွင်း PDF တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
"စစ်သား အယောက် ၇၀ လောက် ခြေကျင်လာတာကို ဖြတ်တိုက်တာ အနည်းဆုံး ငါးယောက်လောက် မှန်တယ်။ သေမသေတော့ မသိရသေးဘူး။ ကျွန်တော်တို့ဘက်က တစ်ယောက်တော့ ထိတယ်။ ဒဏ်ရာက မစိုးရိမ်ရဘူး"
စစ်ကောင်စီတပ်တွေက တောင်စာရေး၊ ယင်းမာ စတဲ့ကျေးရွာတွေက နေအိမ်တွေကို ဝင်ရောက်စီးနင်း ရှာဖွေတာတွေလုပ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ဒီလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့် ယင်းမာ၊ တောင်စာရေး၊ ဂုံညင်း၊ မင်းဘူး၊ ပိက္ခယား၊ ရွာသာ၊ ကြာပင်၊ ရေဦး၊ ကျောက်တန်း စတဲ့ ရွာကိုးရွာက ဒေသခံ လူဦးရေ တစ်ထောင့်ငါးရာခန့်ဟာ ဘေးလွတ်ရာ တော တောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုက်ပွဲဖြစ်စဉ်တွေကို စစ်ကောင်စီဖက်က ဖော်ပြတာမျိုးတော့ မတွေ့ရသေးပါဘူး။
တောင်တွင်း PDF တပ်ဖွဲ့ဝင်တွေကတော့ မင်းကင်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း ၃၆ ရွာက ဒေသခံ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်လို့ တောင်တွင်း ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။