မင်းကင်းမြို့နယ် ဖက်ခက်ကျေးရွာမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်

2021.07.02
မင်းကင်းမြို့နယ် ဖက်ခက်ကျေးရွာမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁ ဇွန် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က ဖက်ခတ်ကျေးရွာမှာ စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ PDF တို့ ဇူလိုင် ၁ ရက်နေ့ မနက် ၉ နာရီခွဲမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်၊ ကျဆုံးသူ မရှိခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ မင်းကင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

"ဝိုင်းထားတာပဲ ရှိတာပါ။ သူတို့ဘက်က လှမ်းပစ်တာမျိုးတော့ရှိတယ်။ သူတို့က ဖက်ခတ်ရွာကို အကုန်ဖျက်ဆီးတယ်။ နွားတစ်ကောင်ပါ သတ်ယူပြီး နွားခေါင်းကို ခြံတိုင်ပေါ် တင်ထားခဲ့တယ်။ ဘာမှမကျန်အောင် ဖျက်ဆီးသွားတယ်"

စစ်သားအယောက် ၂၀ နဲ့အတူ ပါလာတဲ့ အရပ်ဝတ်နဲ့ တူမီးကိုင်ဆောင်သူ အယောက် ၈၀ လောက်ဟာ ဖက်ခတ်ကျေးရွာကို ဝင်ရောက်ခဲ့ပြီး အိမ်တံခါးတွေကို ဖျက်ဆီးဝင်ရောက်တာ၊ ပရိဘောဂတွေကို ဖျက်ဆီးတာတွေလည်း လုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ ဇူလိုင်လ ၁ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ မင်းကင်းမြို့နယ်၊ ဖက်ခတ် ကျေးရွာမှာ အခြေပြုထားတဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့ လှည့်ကင်းဆောင်ရွက်နေစဉ် ဖက်ခတ်ကျေးရွာရဲ့ တောင်ဘက် ၅ မိုင်ခန့် အကွာ တောင်ပေါ်အရောက်မှာ တူမီးသေနတ်များ ကိုင်ဆောင်ထားသူ အင်အား ၁၀၀ ဦးခန့်က ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ရာကနေ ထိတွေ့မှုဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ရှင်းလင်းရေး ဆောင်ရွက်စဉ် တူမီးသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က ဖက်ခတ်ကျေးရွာဟာ ဇွန်လ ၁၇ ရက်နေ့ကတည်းက ရွာလုံးကျွတ်တိမ်း ရှောင်နေတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၇၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။