မုံးကိုးမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ MNDAA ကို တိုက်ခိုက်နေ

2021.09.06
မုံးကိုးမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ MNDAA ကို တိုက်ခိုက်နေ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - MNDAA သတင်းပြန်ကြားရေး

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသမှာ စက်တင်ဘာ ၅ ရက် မနေ့က MNDAA မြန်မာ အမျိုး သား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းသုံးကာ လက်နက်ကြီးနဲ့လည်း အကြိမ် ၆၀၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်သတင်း စာမျက်နှာက ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်း သုံးကြောင်းခွဲကာ တိုက်ခိုက်ခဲ့လို့ MNDAA အဖွဲ့ဘက်က တစ်ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကိုတော့ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့ မုံးကိုးက MNDAA ရဲ့ အခြေစိုက်စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေက သိမ်းပိုက်ဖို့ ကြိုးစားခဲ့ရာမှာ စစ်ကောင်စီဘက်က အရာရှိတွေ အပါအဝင် အယောက် ၂၀ ကျော် ကျဆုံးခဲ့တယ်လို့ ထုတ် ပြန်ခဲ့သလို စစ်ကောင်စီဘက်ကလည်း မုံးကိုးတိုက်ပွဲမှာ အရာရှိတစ်ဦးနဲ့ စစ်သည်တချို့ ကျဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ MNDAA စခန်းတွေကို ထောက်လှမ်းတာတွေ လုပ်ခဲ့ပြီး အင်အားအလုံးအရင်းနဲ့ အခုလို တိုက်ခိုက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကတည်းက မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေထဲမှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၈၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။