ဘောလခဲ တိုက်ခိုက်မှု စစ်ကောင်စီ သုံးဦး သေဆုံးကြောင်း KNDF ထုတ်ပြန်

တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021.08.23

ကယားပြည်နယ် ဘောလခဲမြို့နဲ့ မက်စလောင်း တောင်ကြားမှာ သြဂုတ်လ ၂၂ ရက် မနေ့ မနက် ၈ နာရီ လောက်က စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါ စစ်ကောင်ဘက်က သုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“စကစက သူတို့ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို KA နဲ့ KNDF နဲ့ပူးပေါင်းပြီးတော့ ခြုံခိုတိုက်ခိုက်တဲ့ သဘောပါပဲ။ ဆယ်မိနစ်ဝန်းကျင်လောက်ပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ထိုးစစ်ဆင်လာတဲ့ လမ်း ကြောင်းကို ကျွန်တော်တို့က ဖြတ်တိုက်တယ်လေ။ ကျွန်တော်တို့ဘက်တော့ တစ်စုံတစ်ဦးမှ ထိခိုက်တာ မရှိဘူး။ စစ်ကောင်စီဘက်ကတော့ သုံးဦး။ အစက နှစ်ဦး အရင်သေတယ်။ သုံးဦး ထိခိုက်ဒဏ်ရာရတယ်။ တစ်ဦးက ဆေးရုံတင်ဖို့ မမှီတော့ လမ်းမှာ တစ်ဦးဆုံးသွားတယ်“

ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်တာမရှိဘူးလို့လည်း သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘောလခဲမြို့နယ်၊ နန်းဖဲရွာ အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းကင်း ထောက်မှုတွေ၊ လမ်းကင်းချမှုတွေနဲ့ စစ်ကြောင်းတိုးမှုတွေကို ဆက်တိုက်လုပ်နေတယ်လို့ အဲဒီတပ်ဖွဲ့ဝင်က ပြောပါတယ်။ မနေ့က တိုက်ခိုက်မှုအတွင်း သေဆုံးမှုတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကယားပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တိုက်ပွဲက ဒီဘက်မှာ နည်းနည်းလေး ပိုပြင်းထန်လာတာနဲ့ ရေရှည်ရွှေ့လို့ရမယ့်နေရာကို စပြောင်းနေပြီ"

စစ်ကောင်စီတပ်တွေက အင်အားဖြည့်တာနဲ့ ထိုးစစ်ဆင်တာတွေကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တာမို့ ပြည်သူတွေ လုံခြုံရေးသတိရှိကြဖို့ကိုလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က မကြာခင်က သတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ (KA) နဲ့ (KNDF) တို့ကို ထိုးစစ်ဆင်တဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ရွာတွေက ပြည်သူတွေကို ဖမ်းဆီးပြီး လမ်းပြခိုင်းတာ၊ လူသားဒိုင်းလို အသုံးပြုတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဘောလခဲမြို့နယ်မှာ တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ အခုအချိန်ထိ ပြန်လွှတ်မပေးသေးကြောင်း၊ ဖမ်းဆီးခံရတဲ့အရေအတွက် အသေးစိတ်ကို စုံစမ်းနေတယ်လို့ KNDF က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က ဒီးမော့ဆို အရှေ့ဘက်ခြမ်း ထီးဖိုးကလိုးအုပ်စုက နွားရှာသွားတဲ့ သားအဖနှစ်ဦးနဲ့ စစ်ဘေးဒုက္ခသည် မိသားစုကို ရိက္ခာသွားပို့တဲ့ တောပျာကူးရွာက အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီး အခုအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“အဓိက ထီးဖိုးကလိုးက နှစ်ယောက်၊ တောပျားကူးက နှစ်ယောက် သူတို့တွေ ခေါ်သွားတာ။ ထီးဖိုး ကလိုးက သားအဖ နှစ်ယောက်။ သားဆိုရင် မသန်စွမ်း။ အသက်မပြည့်သေးဘူး။ တောပျာကူးက အိမ်ထောင်သည် ယောင်္ကျားလေး နှစ်ယောက်။ အဲနေ့က တိုက်ပွဲဖြစ်တော့ ဒီဘက်ကို ဆင်းလာရင်းနဲ့ ခေါ်သွားတာ။ အခုထက်ထိ မလွှတ်သေးဘူး။ သားအဖနှစ်ယောက်က နွားသွားရှာရင်းနဲ့ အဖမ်းခံရတာ။ တောပျားကူးက တောထဲမှာ စစ်ရှောင်နေတဲ့ မိသားစုကို ရိက္ခာသွားပို့တဲ့အချိန်မှာ အဖမ်းခံလိုက်ရတာ“

လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်း လေးကြောင်းခွဲပြီး နေ့ရောညပါ စစ်ရေးလှုပ်ရှား မှုတွေ လုပ်နေသလို ဒီးမော့ဆို၊ ဖရူဆို တို့မှာလည်း စစ်အင်အားတွေ တိုးချဲ့နေတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်လို့ ရေရှည်နေထိုင်နိုင်ဖို့ စစ်ဘေးဒုက္ခသည်စခန်းတွေကို တည်ဆောက်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူက ဆက်ပြောပါတယ်။

“တိုက်ပွဲက ဒီဘက်မှာ နည်းနည်းလေး ပိုပြင်းထန်လာတာနဲ့ ရေရှည်ရွှေ့လို့ရမယ့်နေရာကို စပြောင်းနေပြီ။ စစ်ဘေးရှောင်စခန်းပုံစံမျိုး စလုပ်နေပြီ။ အဲမှာ ရိက္ခာစုပြီး သွားနေကြပြီ။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းပေါ့။ အဲနေရာမှာ ရေရှည်နေနိုင်ဖို့အတွက် ပြင်နေတာရှိတယ်။ စားနပ်ရိက္ခာ ဆေးဝါး အဓိက ရေရတဲ့နေရာပေါ့။ အဓိက ဒီဘက်မှာ တိုက်ပွဲပိုပြင်းထန်လာမယ်ဆိုတဲ့ သတင်းစကားရထားတော့ စပြီးရွှေ့နေကြတဲ့ ပုံစံမျိုး ပေ့ါ“

တိုက်ပွဲဖြစ်ပွားတဲ့ အနီးမှာရှိတဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ထီးဖိုးကလိုးအုပ်စုထဲက ရွာပေါင်း ၁၁ ရွာလောက်က ဒေသခံအများစုဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြပြီလို့ ကူညီပေးနေသူတွေက ဆိုကြပါတယ်။ ထွက်ပြေး ကြသူ အများစုဟာ လွိုင်ကော်မြို့ပေါ်အပြင် တောထဲကိုရော ရှမ်းနဲ့ကယား နယ်စပ်ဘက်ကိုပါ ထွက်ပြေးနေ ကြပြီး လူအရေအတွက်ကို စာရင်းအတိအကျ ကောက်ယူဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

kayah-kndf.jpg
(ကရင်နီအမျိုးသား ကာကွယ်ရေးတပ် ( KNDF ) တချို့ကို တွေ့ရစဉ် - Photo: Karenni Nationalities Defense Force-KNDF)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုညှိနှိုင်းရေးရုံး UNOCHA က မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မှာရှိတဲ့ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေကြောင့် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ သြဂုတ်လ ၁၆ ရက်နေ့အထိ လူပေါင်း ၁၅၄၈၀၀ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၉၄ ဦးထိရှိလာပြီလို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက ၇၉ ဦးဟာ စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲဆိုခံထားရပြီး လေးဦးကတာ့ မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ - ၁၇/၁ နဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရတယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။