စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်၊ ရဲတစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး

2021.06.30
စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်၊ ရဲတစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲကြောင့် ၂၁ မိုင်ဂိတ်မှာ ပိတ်ဆို့နေတဲ့ ယာဉ်တွေကို ၂၀၂၁ ဇွန် ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ဇွန် ၃၀ ရက် ဒီနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ တယ်လို့ ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဒီမနက် ၂၁ မိုင်စစ်ဆေးရေးဂိတ်မှာဖြစ်တဲ့ တိုက်ပွဲမှာ ရဲတပ်သား တစ်ဦး သေဆုံးခဲ့သလို နောက်ထပ် ရဲနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်ပြည်နယ်အခြေစိုက် The 47 Media က ရေးသားထားပါတယ်။

ဒဏ်ရာရရှိတဲ့ ရဲအရာရှိတစ်ဦးဟာ မြစ်ကြီးနားခရိုင်ရဲမှူးရဲ့ ကိုယ်ရေးအရာရှိ (PSO) ဖြစ်ပြီး၊ ပေါင်ကို သေနတ်ကျည်ဆန် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲကြောင့် အနီးမှာရှိတဲ့ ထမင်းဆိုင်က အရပ်သားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

တိုက်ပွဲကြောင့် ၂၁ မိုင် ဂိတ်ဖြတ်သန်းသွားလာခွင့်ကို လောလောဆယ် ပိတ်လိုက်တဲ့အကြောင်း The 47 Media သတင်းအရ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ ပက်သတ်လို့ အသေးစိတ်သိနိုင်ဖို့အတွက် KIA ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ KIA သတင်းနဲ့ပြန် ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

KIA သတင်းနဲ့ပြန်ကြားရေးဋ္ဌာန အရာရှိတစ်ဦးက RFA ရဲ့ဖုန်းခေါ်ဆိုမှုကို လက်ခံခဲ့ပေမယ့် တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအသေးစိတ်ကိုတော့ ဗိုလ်မှူးကြီး နော်ဘူကပဲ ပြောပြနိုင်မယ်လို့ RFA ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။