တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၁၁၄ ဦးကို စစ်ကောင်စီ အမှုပိတ်သိမ်း
အောက်တိုဘာလ ၁၅ ရက် ဒီနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ (၆) နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ အဖွဲ့ဝင်နဲ့ ဆက်စပ်သူ ၁၁၄ ဦးကို အမှုပိတ်သိမ်းပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ရက္ခိုင့်တပ်တော် (AA) က ၆၁ ဦး၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) က ၂၃ ဦး၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC) က တစ်ဦး၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) က တစ်ဦး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) က ၁၂ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) က ငါးဦးနဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) က ၁၁ ဦးဖြစ်တယ်လို့ ကြေညာချက်မှာ ပါဝင်ပါတယ်။
NCA (၆) နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မနက်ပိုင်း နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့ပြီး အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ကလွဲလို့ ကျန်တဲ့ ရှစ်ဖွဲ့ တက်ရောက်ခဲ့ပါတယ်။