မြန်မာစစ်တပ် ကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကုလ အထူးကိုယ်စားလှယ် ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.03.24
မြန်မာစစ်တပ် ကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကုလ အထူးကိုယ်စားလှယ် ပြော ၂၀၂၁ ခုနှစ် မေလ ၇ ရက် ရန်ကုန်မြို့ တစ်နေရာမှာ ဆန္ဒပြသူတွေကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေရန်ပြင်ဆင်နေစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဟာ အခုအချိန်မှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို ပြစ်မှုတွေကို နေ့တိုင်းလိုလို ကျူးလွန်နေတဲ့အပြင်၊ ကလေးသူငယ်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်လာနေတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံအစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တိုးတက်မှု မရှိတဲ့အပြင်၊ အရင်ကထက် အများကြီး ပိုဆိုးလာနေ ပါတယ်။ အခုနှစ်အတွင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ ပိုပြီး ပြင်းထန်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်လခွဲလောက် ကာလအတွင်းမှာတင် စစ်ကောင်စီတပ်တွေ လက်ချက်နဲ့ သတ်ဖြတ် ခံရတဲ့ အရပ်သား ၁၆၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ တစ်သောင်းကျော်နဲ့ မီးရှို့ ဖျက်ဆီးခံရတဲ့ နေအိမ် ၄၅၀၀ လောက် ရှိလာပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူအရေအတွက်ကလည်း ငါးသိန်းကျော် ထပ်တိုးလာပြီး စုစုပေါင်း ရှစ်သိန်းကျော် လောက်အထိ ရှိသွားပါပြီ။ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ အသင်းအဖွဲ့ တည်ထောင်ခွင့်လို အခြေခံ လူ့အခွင့်အရေးတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ဘာစစ်ရေးပဋိပက္ခမှ မရှိခဲ့တဲ့ ဒေသတွေမှာ ပြည်တွင်းစစ် ပဋိပက္ခတွေ ဖြစ်နေပါတယ်"

မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေကို သတ်ဖြတ်ခြင်း၊ ကျေးကျွန်ပြုခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း၊ နှိပ်စက်ညှဥ်းပန်းခြင်း၊ မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် အစဖျောက်ပစ်ခြင်း စတဲ့ ပြစ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့အတွက် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes Against Humanity အတွက် တာဝန်ရှိတယ်လို့ Tom Andrews က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သားပြည်သူတွေကို အကြောင်းပြချက် ရေရေရာရာမရှိဘဲ သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဥ်းပန်းပြီး လူမဆန်စွာ ပြုမူခြင်း၊ မတရား ပြုကျင့်ခြင်း၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးခြင်း၊ ဓားပြတိုက်ခြင်းနဲ့ အရပ်သားတွေကို နေရပ်စွန့်ခွာ ထွက်ပြေးရအောင် ပြုလုပ်ခြင်း စတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်များစွာ ကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေခံ အဆောက်အအုံတွေ ပြိုလဲသွားပြီး ငွေကြေးဖောင်းပွမှုတွေ ထိန်းမရအောင် ဖြစ်ပေါ်လာခဲ့တဲ့နောက် နိုင်ငံ့လူဦးရေ ထက်ဝက် ဆင်းရဲမွဲတေ သွားရကြောင်း၊ ဒါ့အပြင် အရေးပေါ် အကူအညီ လိုအပ်နေသူတွေအတွက် နိုင်ငံတကာ အကူအညီတွေကို တားဆီးပိတ်ပင်တာလို အရှက်အကြောက် ကင်းမဲ့တဲ့ အပြုအမူတွေ လုပ်ခဲ့တဲ့အကြောင်း Tom Andrews ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်တွေဟာ စစ်ဘေးပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ ကလေးငယ်တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိလာနေတဲ့အကြောင်းလည်း ပြောသွားပါတယ်။

"အခုအချိန်မှာ မြန်မာစစ်တပ်ဟာ မိဘတွေနဲ့ အတူ ဘေးလွတ်ရာကို ထွက်ပြေးလာတဲ့ ကလေးငယ်တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။ မနှစ်က အာဏာသိမ်း ပြီးကတည်းက ကလေးငယ် ၁၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး၊ နောက်ထပ် ကလေးငယ် ၁၀၀ ကျော်လောက်လည်း ပျောက်ဆုံးနေပါတယ်။ ဒီကလေးငယ်တွေဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ အညှာအတာ ကင်းမဲ့မှုနဲ့ သူရဲဘောကြောင်မှုတွေ ရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ"

လူ့အခွင့်အရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေအတွက် စကားလုံးတွေနဲ့ ထောက်ခံတာထက် ပိုပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်ပြီး သက်သေပြဖို့ လိုနေပြီ

"မြန်မာနိုင်ငံရဲ့ ဝေးလံတဲ့ ဒေသတစ်ခုက ဖခင်တစ်ဦးနဲ့ ဗီဒီယိုနဲ့ ဆက်သွယ် စကားပြောခွင့် ရခဲ့ပါတယ်။ သူက IDP စခန်းတစ်ခုမှာ ခိုလှုံနေစဉ်အတွင်းမှာ သူ့ရဲ့ ၁၂ နှစ်နဲ့ ၁၅ နှစ်အရွယ် သမီးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ သူတို့မိသားစု ခိုလှုံနေတဲ့ IDP စခန်းပေါ်ကို စစ်ကောင်စီတပ်တွေက ကြဲချလိုက်တဲ့ ဗုံးပေါက်ကွဲပြီး၊ အိပ်ပျော်နေတဲ့ သူ့ရဲ့ သမီးငယ် နှစ်ဦးလုံး ခန္ဓာကိုယ် တစ်စစီ ဖြစ်ပြီး အသက်ဆုံးခဲ့ရတာပါ။ ဒီလို ဖြစ်ရပ်တွေကို ပြက်ပြက်ထင်ထင် ကြားသိရတာ ကိုယ်တိုင် ဖခင်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တကယ်ပဲ စိတ်ထိခိုက်ရပါတယ်။ ဒီလို ရက်စက် ကြမ်းကြုတ်ပြီး၊ အရိုင်းအစိုင်းဆန်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ ဆက်ဖြစ်နေရုံမကဘဲ၊ အရေအတွက်ရော၊ ပြင်းထန်မှုပါ ပိုတိုးလာနေပါတယ်"

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ် တစ်သန်းနီးပါး ပုံမှန်ကာကွယ်ဆေးထိုးနှံဖို့ ပျက်ကွက်ခဲ့ပြီး၊ ရလဒ်အနေနဲ့ အခုနှစ်မှာ ကလေးငယ် ၃၃၀၀၀ လောက်ဟာ ကာကွယ်ဆေးနဲ့ တားဆီးလို့ ရတဲ့ ရောဂါတွေနဲ့ အသက်သေဆုံး ရနိုင်တယ်လို့လည်း Tom Andrews က ပြောသွား ပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်ပူပန် ကြောင်း စကားလုံးနဲ့ပဲ ကြေညာချက် ထုတ်ပြန်နေတာကို စိတ်ကုန်မိတဲ့အကြောင်း၊ ထိရောက်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေကြောင့် နိုင်ငံတကာက သူတို့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေကြ ရတယ်လို့ သူနဲ့ ဆက်သွယ်စကားပြောခဲ့တဲ့ မြန်မာပြည်သူတွေက ပြောပြတဲ့အကြောင်း သူက ပြောပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံက ယောကျ်ား၊ မိန်းမနဲ့ ကလေးအားလုံးအတွက် သေရေးရှင်ရေး အရေးကြီးတဲ့ အခြေအနေ ရောက်လာနေတာကြောင့် လူ့အခွင့်အရေးကောင်စီနဲ့ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေအတွက် စကားလုံးတွေနဲ့ ထောက်ခံတာထက် ပိုပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်ပြီး သက်သေပြဖို့ လိုနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှုယ် Tom Andrews က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။