မတ္တရာမြို့နယ် တောပုရွာ စီးနင်းပစ်ခတ်ခံရမှုကြောင့် ဒေသခံတစ်ဦး သေဆုံး
2024.06.14

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောပုရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ရွာထဲ ဝင်ရောက်ပစ်ခတ်စီးနင်းစဥ် သေနတ်ကျည်ဆန်ထိမှန်ခဲ့တဲ့ အမျိုးသားတစ်ဦး ဆေးကုသနေမှုခံယူနေရင်း ဇွန်လ ၁၄ ရက် ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပြီး ဇွန် ၁၂ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းက ရွာကိုဝင်ရောက်စီးနင်းစဥ် ပစ်ခတ်တဲ့သေနတ်ကျည် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် အပြင်းအထန်ဒဏ်ရာရပြီး ဆေးကုသနေစဥ်မှာပဲ သေဆုံးသွားတာလို့ လုံခြုံရေးအမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တောပုရွာထဲ ဝင်လာတဲ့စစ်ကြောင်းက ပစ်တာ။ ဗိုက်မှန်လို့ ဆေးကုနေတာ။ ဒါပေမဲ့ ထိတာပြင်းထန်တော့ ဒီမနက်မှာပဲ ဆုံးသွားတယ်။ စစ်ကြောင်းကတော့ အခုမရှိတော့ဘူး”
တောပုရွာထဲကို အင်အားတစ်ရာနီးပါးပါတဲ့ စစ်ကောင်စီတပ်သားတွေက ကားလေးစီးနဲ့ရောက်လာပြီး တောပုရွာအပါအဝင် ရှင်လှ (တောင်) နဲ့ ရှင်လှ (အလယ်) ရွာတွေကိုလည်း စီးနင်းခဲ့တာပါ။ စစ်ကောင်စီတပ် စီးနင်းထားစဥ် ရှင်လှ (တောင်) ရွာမှာ နေအိမ်လေးလုံးနဲ့ နွားစာတဲ နှစ်လုံး၊ ရှင်လှ (အလယ်) ရွာမှာ နေအိမ်ခြောက်လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန် ၁၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ငါးထောင်ကျော် (၅,၂၇၆ ဦး) သေဆုံးခဲ့ပါတယ်။