ရန်ကုန်က မြို့ပြပြောက်ကျား လူငယ်တချို့ ထပ်မံဖမ်းဆီးခံရ

RFA Burmese
2024.06.16
ရန်ကုန်က မြို့ပြပြောက်ကျား လူငယ်တချို့ ထပ်မံဖမ်းဆီးခံရ ဖမ်းဆီးခံရသည့် ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်တချို့ အား မြန်မာ့အလင်းသတင်းစာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Myanmar Military

ရန်ကုန်မြို့ သန်လျင်တံတားသစ်ဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ဖို့ စီစဥ်ထားသူကိုးဦးကို ဖမ်းဆီးရမိမှုနဲ့ဆက်စပ်ပြီး နောက်ထပ် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်လေးဦးကို ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဇွန်လ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက တစ်ဆင့် ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိထားသူတွေကို စစ်ဆေးရာကနေ သတင်းထပ်မံရရှိတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာမှာ အသက် ၂၁ နှစ်ကနေ ၃၄ နှစ်အတွင်း အရွယ်တွေဖြစ်တဲ့ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ကိုမျိုးသိန်းထွန်း၊ ကိုထက်၊ ကိုရဲဇော်ထွန်းနဲ့ ကိုရှိန်းမြင့်မိုရ်အောင်တို့ကို ဇွန်လ ၁၄ ရက်နေ့မှာ ထပ်မံဖမ်းဆီးရမိတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုဖမ်ဆီးရမိသူတွေကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ ဖောက်ခွဲမှုနှစ်ကြိမ် လုပ်ခဲ့သူတွေဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေအရ ဖမ်းဆီးခံထားရသူတွေထဲက ကိုရဲဇော်ထွန်းဟာ မျက်နှာဖူးရောင် ဒဏ်ရာတွေနဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခံထားရတာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းကြိုးစားနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲနေ့ဖြစ်တဲ့ ဇွန်လ ၈ ရက်နေ့ကတော့ အဲဒီဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ဖို့ စီစဥ်ထားသူ ကိုးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၂၆,၈၆၅ ဦးရှိတဲ့အနက် ၂၀,၅၉၇ ဦးက ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။