မြစ်ခြေမြို့မှာ သုံးဆယ်ခန့်ဖမ်းဆီးခံရပြီး တစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2024.10.13
မြစ်ခြေမြို့မှာ သုံးဆယ်ခန့်ဖမ်းဆီးခံရပြီး တစ်သောင်းကျော် ထွက်ပြေးနေရ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေဈေးအနီး အသံတိတ်သပိတ် ပြုလုပ်ခဲ့သည်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မကွေးတိုင်း၊ မြစ်ခြေမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေ စီးနင်းပြီးနောက် ဒေသခံ သုံးဆယ်ခန့် ဖမ်းဆီးခံရပြီး လူတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မြစ်ခြေမြို့ခံတွေက RFA ကို ပြောပါတယ်။

ပခုက္ကူမြို့ကနေ မြစ်ခြေမြို့ကို အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ဒီ့အပြင် အောက်တိုဘာ ၁၂ ရက်နေ့ ညနေ လေးနာရီခန့်က မြစ်ခြေမြို့၊ အိုင်ရှည်ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ခြေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့လည်း ပစ်တယ်။ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်။ မြေပြင်ရော၊ ဝေဟင်ကပါ ညှပ်ပြီးတိုက်နေတာ။ မြစ်ခြေမြို့ကို လုံးဝ ထိန်းချုပ်နိုင်အောင် သူတို့ ကြိုးစားနေကြတာ။ ဒေသခံတွေကိုလည်း အကုန်ပြေးကြရပြီ။ ယောက်ျားလေးတွေ တွေ့ရင် ပေါ်တာဆွဲတယ်”

ဖမ်းဆီးခံရသူ သုံးဆယ်ခန့်ကို အိုင်ရှည် (မြောက်) ရပ်ကွက်က ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။

မြစ်ခြေမြို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီက အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။