ICJ ရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်

နိုင်ငံတကာတရားရုံး (ICJ) က မြန်မာရဲ့ကန့်ကွက်လွှာတွေကို ပယ်ချတဲ့အပေါ် စိတ်ပျက်မိ တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက် မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။
ကနဦး ကန့်ကွက်လွှာတွေဟာ ဥပဒေအရနဲ့ အချက်အလက်တွေအရ ပြည်စုံခိုင်လုံမှု ရှိတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂမ်ဘီယာက တင်ပြထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အစား ဂမ်ဘီယာက နာမည်ခံ တရားစွဲဆိုပေးတာဖြစ်သလို ICJ အနေနဲ့ မြန်မာကို စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာကလည်း တရားစွဲဆိုခွင့်မရှိတဲ့အပြင် မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံကြားလည်း အငြင်းပွားမှုမရှိကြောင်း စတဲ့ လေးချက်ကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေက တင်သွင်းထားပေမယ့် ICJ က ပယ်ချခဲ့တာပါ။
ဒီဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ မှတ်သားထားတယ်လို့လည်း ရေးသားထားပြီး ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေမှာ သာဓကအနေနဲ့ ဖြစ်သွားမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်အထိ ကျုးလွန်၊ ဖောက်ဖျက်မှုတွေ မရှိဘဲ လေးစား လိုက်နာနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ICJ အနေနဲ့ အမှန်တိုင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ဇူလိုင်လ ၂၃ ရက် မနေ့က မီဒီယာတွေကို ပြောထားပါတယ်။
စစ်ကောင်စီရဲ့ ကနဦးကန့်ကွက်ချက်ကို ICJ က ပယ်ချလိုက်တဲ့အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း ကြိုဆိုတယ်လို့ မနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။
အလားတူပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတရားရေးဌာနတို့ကလည်း ဒီဆုံးဖြတ်ချက်အပေါ် ထောက်ခံ၊ ကြိုဆိုထားကြပါတယ်။