မင်းကင်းမှာ စစ်ကောင်စီတပ်နဲ့ တောင်တွင်း PDF တို့ တိုက်ပွဲဖြစ်၊ ဒေသခံ ၁၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တောင်တွင်း ပြည့်သူကာကွယ်ရေးတပ် PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ငါးယောက် သေဆုံးပြီး တောင်တွင်း PDF ဘက်က ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
ကလေးဝ - မုံရွာ အာရှလမ်းမကြီးဘေး ဂုံညင်းရွာအနီးမှာ ခြေကျင်နဲ့ ချီတက်လမ်းလျှောက်လာကြတဲ့ စစ်ကောင်စီတပ်တွေကို တောင်တွင်းပြည့်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရင်းနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ တောင်တွင်း PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ၂၆ ရက် မနက်မှာတော့ လက်နက်ကြီးကျည်နဲ့ သေနတ်ဒဏ်ရာတွေကြောင့် သေဆုံး နေတဲ့လူ ၁၅ ဦး ရုပ်အလောင်းကို တွေ့ရတယ်လို့ တောင်တွင်းပြည့်သူကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီဘက်က ငါးယောက်ကျတယ်။ သူတို့အလောင်းတွေကိုတော့ ဖျောက်ပစ်လိုက်တယ်။ ကျွန်တော်တို့ဘက်ကတော့ ၁၅ ယောက်ကျတယ်။ အဲဒီသူတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ"
လက်နက်နဲ့ လူအင်အားမမျှလို့ သေဆုံးသူ များခဲ့ရတာဖြစ်ပြီး ဒေသခံ အရပ်သားတချို့လည်း ပါဝင်ကြပြီး ဒီနေ့မနက်မှာ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားရာနဲ့ ငါးမိုင်ခန့်ဝေးတဲ့ မအူကျေးရွာမှာ တပ်စွဲ ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
အဲဒီကျေးရွာတွေမှာ ခုလိုတပ်စွဲထားတာကြောင့် အနီးနားရွာတွေက ယင်းမာ၊ ဂုံညင်းတောင်စာရေး၊ မင်းဘူး၊ ပိက္ခယား၊ ကြာ ပင်၊ ရွာသာ၊ ရေဦးက စတဲ့ရွာတွေက ဒေသခံလူဦးရေ ၁၅၀၀ ခန့်ဟာ တောတောင်တွေကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျန်းမာရေး မကောင်းသူတွေ၊ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်တာကြောင့် အစားအသောက်၊ ဆေးဝါးတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မင်းကင်းတောင်တွင်း PDF တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်တွေနဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တောင်တွင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။