စစ်ကိုင်းတိုင်း ကလေးနဲ့ မကွေးတိုင်းထဲမှာ တိုက်ပွဲတွေဖြစ်၊ နှစ်ဖက်သေဆုံးထိခိုက်မှုရှိ

အေးအေးမွန် (အော်စလို)
2021.06.03

ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ကျောက်ထုနဲ့ ထီးလင်းမြို့ကြားက ရွှေအောင်သာ ကျေးရွာမှာ ဇွန်လ ၃ ရက် ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ မင်းတပ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (CDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးယောက်ထက်မနည်း သေဆုံးတယ်လို့ CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

မနေ့ည ၁၀ နာရီလောက်က ရွှေအောင်သာကျေးရွာ ဘုန်းကြီးကျောင်းမှာ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီမနက် ၅ နာရီခွဲကျော်လောက်မှာ CDF တပ်က ပြောက်ကျားဝင်တိုက်ခဲ့တာလို့ အမည်ဖော်လိုတဲ့ မင်းတပ် CDF အဖွဲ့ဝင်က ပြောပါတယ်။

“မနေ့ကညက သူတို့က စစ်ကားတစ်စီး တက်လာတယ်၊ ရွာထဲကို အယောက် ၅၀ ကျော် ၆၀ ခန့်ပေါ့ ဝင်လာတယ်၊ ရွာထဲက ဘုန်းကြီးကျောင်းမှာ နေရာယူတယ်၊ ည ဆယ်နာရီလောက်ရှိပြီ၊ မနက်ကျတော့မှ CDF အဖွဲ့က ဝင်တိုက်တယ်၊ ခြုံခိုတိုက်တော့ စစ်ကောင်စီဘက်က သုံးဦးနဲ့ ခုနစ်ဦးကြား ကျဆုံးတယ် ခန့်မှန်းတယ် ဒဏ်ရာရသူက လေးဦးလို့ ပြောပါတယ်၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်လို့ ဒီဘက်က နောက်ဆုတ်ပေးလိုက်ရတဲ့ သဘောပါ’’

မနက်အစော တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း နှစ်ဖက်ပစ်ခတ်မှုအနည်းငယ် ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်စလုံး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိ စစ်အင်အား ၅၀ ကျော်လောက်ဟာ ရွှေအောင်သာကျေးရွာ ဘုန်းကြီးကျောင်းမှာပဲ ဆက်လက်တပ်စွဲထားပြီး နောက်ထပ်တိုက်ပွဲတွေလည်း ထပ်ဖြစ်လာနိုင်တယ်လို့ အဲဒီ CDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

"သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်လို့ ဒီဘက်က နောက်ဆုတ်ပေးလိုက်ရတဲ့ သဘောပါ"

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ဒိုးနွယ်နဲ့ အရှေ့စည်း ကျေးရွာနှစ်ခုကြားမှာလည်း ဒီကနေ့ မေလ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PeopleDenfence force ) တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကလေး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မနက် ၁၀ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ညကတည်းက စစ်ကားငါးစီးနဲ့ ကျေးရွာထဲရောက်လာပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“၁၀ နာရီ ၇ မိနစ်လောက်ကစပြီး တိုက်ပွဲဖြစ်တာပါ၊ ကျွန်တော်တို့ဘက်က နှစ်ယောက် ဒဏ်ရာအနည်း ငယ်ရတယ်ဗျ၊ တစ်ယောက်ကတော့ လက်ကို ကျည်ဆန်မှန်တယ်၊ တစ်ယောက်ကတော့ လက်နက်ကြီး အစမှန်တာပေါ့၊ RPG ကတော့ သုံးချက်ပစ်တယ်ဗျ၊ သူတို့က ကလေးကနေ ကားငါးစီးနဲ့စထွက်ခဲ့တယ်ပေါ့၊ စစ်သားဦးရေ ခြောက်ဆယ်နဲ့ ခြောက်ယောက်ရှိတယ်လို့ သိထားရတယ်၊ ဒီရွာမှာ သူလျှိုနဲ့ ပတ်သက်ပြီး တော့ အခက်အခဲလေးတွေ ပြဿနာလေးတွေရှိတယ်၊ ဒီရွာကို မနက်ကတည်းက အပိုင်စီးထားတာဗျ”

ဒီကနေ့ ဖြစ်ပွားတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံအတည်ပြုနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါ့ကြောင့် ဒေသခံတွေပြောတဲ့ တိုက်ပွဲအခြေအနေနဲ့ နှစ်ဖက်သေဆုံးထိခိုက်မှု အခြေအနေတွေကို RFA က သီးခြားအတည်ပြုနိုင်တာမျိုး မရှိပါဘူး။

mindet-refugees.jpeg
(မင်းတပ်မြို့က စစ်ဘေးဒုက္ခသည်တချို့ကို တွေ့ရစဉ်)

ကလေးဒေသခံတွေကတော့ ဒီလိုတိုက်ပွဲဖြစ်နေတာကြောင့် တိုက်ပွဲအနီးမှာရှိတဲ့ ဒိုးနွယ်၊ အရှေ့စည်း၊ တင်သား၊ ကျောက်ဖူး စတဲ့ကျေးရွာပေါင်း လေးရွာက ပြည်သူတွေဟာ နေအိမ်မှာ မနေရဲတော့ဘဲ နီးစပ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း RFA ကို ပြောပါတယ်။

အခု တိုက်ပွဲဖြစ်တဲ့ ကျေးရွာ လေးခုဟာ ကလေးမြို့ကနေ ၆၅ မိုင်ခန့် ကွာဝေးပြီး၊ မြစ်သာမြစ်ရဲ့ အနောက်မှာ တည်ရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုချိန်ထိ လေးလကျော် ကာလအတွင်းမှာ၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ၇ ကြိမ် ထက်မနည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။