ဝက်လက်မှာ စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာအနီးမှာ ဇန်နဝါရီ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ရဟတ်ယာဉ် လေးစီးနဲ့ ရောက်လာပြီး သုံးစီးက မြေပြင်ကိုဆင်း စစ်သားအင်အား ၅၀ လောက် ချထား ခဲ့ပြီးနောက် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးက လေကြောင်းကနေ အဆက်မပြတ်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုထိပစ်နေတယ် မပြီးသေးဘူး အတွဲလိုက်တွေပစ်တာ၊ လက်နက်ကြီးတွေလည်းပါတယ်။ ရွာနားကို ဘယ်သူမှကပ်လို့မရဘူး။ ရွာနားမှာ ဘယ်သူမှမရှိဘူးဗျာ။ PDF စခန်းလည်းမရှိဘူး။ အရင်နေ့ကလို တိုက်ပွဲဖြစ်လို့ သူ့လူတွေပိတ်မိနေလို့ ပစ်တယ်ဆိုတာက လက်ခံလို့ရသေးတယ်။ အခုဟာက ဘာမှမရှိဘဲ အသလွတ်ပြီးပစ်နေတာ။ အဝေးကပဲ ကြည့်နေရတယ်။ ဘယ်သူမှမကပ်ရဲကြဘူး”
အဲဒီစစ်သားတွေဟာ ရွာထဲမှာ တပ်စွဲထားပြီး စစ်ရေးတင်းမာနေဆဲရှိကာ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့လို့ လူနဲ့ နေအိမ်တွေ သေဆုံး၊ ထိခိုက် ပျက်စီးဆုံးရှုံးတာတွေ ရှိ မရှိ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ဒီဇင်ဘာ ၃၁ နဲ့ ဇန်နဝါရီ ၁ ရက်ကလည်း ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေ နှစ်ရက်ကြာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ မြေပြင်မှာ ပိတ်မိနေလို့ စစ်ရဟတ်ယာဉ် အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေသုံး ပစ်ခတ်တာကြောင့် ဝက်လက်မြို့နယ်ထဲက ဘုရားလေးကုန်း၊ တဲပုံကြီး၊ ငါးဘတ်ချောင်း၊ ဆည်လေးတော၊ ရေချိုအိုင်နဲ့ ဆင်နင်း စတဲ့ ရွာတွေက ဒေသခံ ရွာသား ၃,၀၀၀ ကျော် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။