ရင်းနှီးမြှုပ်နှံမှု အာမခံရေး ဘက်စုံ ဌာန ဒုတိယဥက္ကဌ ရောက်ရှိ
2014.10.22
MIGA ခေါ် ရင်းနှီးမြှုပ်နှံမှု အာမခံရေးဘက်စုံဌာနရဲ့ ဒုတိယဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Keiko Honda မစ္စ ကေးကို ဟွန်ဒါဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။
MIGA ဟာ ကမ္ဘာ့ဘဏ်အုပ်စုဝင်ဖြစ်ပြီး၊ နိုင်ငံရေးအန္တရာယ်တွေအပေါ် အာမခံရေးနဲ့ ချေးငွေထုတ်ပေးမှု မြှင့် တင်ရေးဆောင်ရွက်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၃ခုနှစ် ဒီဇင်ဘာလက MIGA ရဲ့ ၁၈၀ မြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပါတယ်။
မစ္စ ကေးကို ဟွန်ဒါ ရဲ့အခုခရီးစဉ်ဟာ MIGA ခေါင်းဆောင်ပိုင်းအနေနဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးဖြစ်ပြီး ၊ အောက်တိုဘာ ၂၄ ရက်အထိ လည်ပတ်မှာဖြစ်ပါတယ်။ ဒါ့ပြင် ဒီခရီးစဉ်ဟာ အဖွဲ့ဝင်သစ်ဖြစ်လာ တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတွေကို မြှင့်တင်နိုင်ဖို့ဖြစ်ကြောင်း သိရပါတယ်။
ခရီးစဉ်အတွင်း မစ္စ ဟွန်ဒါဟာ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ နဲ့တွေ့ဆုံပြီး၊ မြန်မာနိုင်ငံရဲ့လျှပ်စစ်ဓါတ်အား၊ ဘဏ္ဍာရေးနဲ့ တခြားအခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးတကြီး လိုအပ်ချက်တွေ၊ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်ရေးတွေအတွက် ပါဝင်ကူညီဖို့ MIGA အနေနဲ့ အသင့်ရှိနေကြောင်း အလေးပေးပြောကြားမယ်လို့ အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
MIGA ကို ထွန်းသစ်စ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မယ့် ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့ဝင် အဖြစ် ၁၉၈၈ ခုနှစ်က စတင်ထူထောင်ခဲ့တာပါ။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချေးငွေထုတ်ပေးကြသူတွေ အတွက် နိုင်ငံရေးအန္တရာယ်တွေကနေ အာမခံရေးနဲ့ ချေးငွေထုတ်ပေးမှု မြှင့်တင်ရေးဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ်။