ထောင်တွင်း ကွယ်လွန်သူ ရှမ်းခေါင်းဆောင် အတွက် ဂုဏ်ပြုပွဲကျင်းပ

ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်မှာ လွန်ခဲ့တဲ့ ၆ နှစ်က ကွယ်လွန်သွားတဲ့ ရှမ်းပြည် မျိုးဆက်သစ်အဖွဲ့ ခေါင်းဆောင် ဦးမြင့်သန်း အတွက် ဂုဏ်ပြုပွဲနဲ့ အောက်မေ့ဘွယ် အခမ်းအနားကို တောင်ကြီးမြို့မှာ ဒီကနေ့ ကျင်းပပါတယ်။

2012.05.02
shan-leader-memorial-b305 ထောင်တွင်း ကွယ်လွန်သူ ရှမ်းပြည် မျိုးဆက်သစ်အဖွဲ့ ခေါင်းဆောင် ဦးမြင့်သန်း အတွက် ဂုဏ်ပြုပွဲနဲ့ အောက်မေ့ဘွယ် အခမ်းအနားကို တက်ရောက်လာကြသည့် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ၈၈ မျုးိဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးတို့ကို တွေ့ရစဉ်။
Courtesy of 88 Generation Students

ဒီအခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ကျင်းပတဲ့ ဦးမြင့်သန်း ဂုဏ်ပြုပွဲကို တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နဂါးပတ် ဘုန်းကြီးကျောင်းမှာ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး လှုပ်ရှားမှုအပြင် ပညာရေးနဲ့ ပတ်သက်ပြီး ကြိုးစားဆောင်ရွက်ခဲ့သူ ဖြစ်တဲ့အတွက် ဦးမြင့်သန်း ပညာရေးဖောင်ဒေးရှင်း တည်ထောင်မယ်လို့ ရှမ်းပြည် မျိုးဆက်သစ်အဖွဲ့က စိုင်းညီညီမိုးက ပြောပါတယ်။

"ဆရာ့ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ဖောင်ဒေးရှင်း ကိစ္စကတော့ ပညာ မသင်ကြားနိုင်တဲ့ ကလေးတွေကို ကျွန်တော်တို့ ပညာသင်ကြားပေးဖို့ပေါ့နော်။ လိုအပ်တဲ့ ပညာရေး ထောက်ပံ့မှုလေးတွေ ကျွန်တော်တို့ လူမှုရေးအသိ၊ လူမှုရေးစိတ်ဓာတ်နဲ့ ဝိုင်းပြီး ပံ့ပိုးပေးမယ်ပေါ့နော်။ နောက် ဆရာ့မှာလည်း စာအုပ်စာတမ်းတွေ တော်တော်များတယ်လေ။ ဆရာနဲ့ ပတ်သက်တဲ့ Library တစ်ခုကိုလည်း ကျွန်တော်တို့ အမှတ်တရ ဆရာ့ဖောင်ဒေးရှင်းအနေနဲ့ အစီအစဉ် ရှိပါတယ်။"

ကျောင်းဆရာတယောက် ဖြစ်တဲ့ ဦးမြင့်သန်းဟာ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ် ဆေထင်တို့ အပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ၉ ဦးနဲ့အတူ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းရေးနဲ့ ဆက်စပ်ပြီး ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ အဖမ်းခံရပြီးတဲ့နောက် စစ်အစိုးရက သူ့ကို ထောင်ဒဏ် ၇၉ နှစ် ချလိုက်ပါတယ်။ ၂၀၀၆ ခုနှစ် မေလ ၂ ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။