ကိုဗစ်ကာလ ဆေးကုသစရိတ် မြင့်မားနေ

မေစိုး (ဝါရှင်တန် ဒီစီ)
2021.07.29
မြန်မာနိုင်ငံမှာ ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်သူတွေဟာ ဒုက္ခမျိုးစုံ ခံစားနေကြရတာ ဒီနေ့အထိ ဖြစ်ပါတယ်။
 
အလုပ်မဲ့ပြည်သူတွေ ပိုများလာတာ၊ ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားဖို့ အခက်အခဲ ဖြစ်လာတာ၊ ရှိစုမဲ့စု ငွေသားလေးတွေ ပြန်ထုတ်ဖို့ ဘဏ်တွေမှာ တန်းစီနေရတာတွေ အပြင်၊ ဖမ်းဆီးထောင်ချခံရမယ့် အန္တရာယ်ကို နေ့စဉ်နဲ့အမျှ ထိတ်လန့်ကြောက်ရွံ့ နေရကြတဲ့အထဲမှာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကလည်း မြန်မာနိုင်ငံကို အကြီးအကျယ် ရိုက်ခတ်နေပါပြီ။
 
အခုလို ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ကြားထဲကပဲ ရောဂါကူးစက်ခံရတဲ့အခါ အောက်ဆီဂျင်ဘူးစရိတ်၊ ဆေးရုံ တက်ရတဲ့စရိတ်၊ ဆေးဝါးစရိတ်၊ ဆရာဝန် သူနာပြုစရိတ် စတာတွေကလည်း အဆမတန် များနေတဲ့အတွက် သာမန်ပြည်သူတွေအဖို့ "နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း" ဆိုသလိုပဲ ဒုက္ခအဖုံဖုံကို ခါးစည်းခံနေကြရပါတယ်။
 
လက်ရှိ ကိုဗစ်လူနာတွေရဲ့ ဆေးကုသဖို့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရွှေပြည်သာမြို့က မခိုင်ဇာက RFA ကို အခုလို ပြောပြပါတယ်။
 
"အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေက ဆေးရုံမရှိဘူး။ စစ်ဆေးရုံသွားလို့ရတယ်။ စစ်ဆေးရုံက လက်မခံရင် ပြန်လာရတယ်။ အဲဒါကြောင့် လမ်းမှာတင် အသက် ဆုံးရှုံးရတဲ့ သူတွေလည်း ရှိတယ်။ Private ဆေးရုံဆိုရင်လည်း သိန်းတစ်ရာလောက် Deposit လုပ်ရတယ်။ ဒါပေမဲ့ အောက်ဆီဂျင် အာမခံချက်ရှိလားဆိုတော့ အောက်ဆီဂျင်လည်း အာမခံမှုမရှိဘူး။ ကိုယ့်ဘာသာ Cylinder တို့ concentrator တို့ ယူသွားရတယ့် အခြေနေမျိုးမှာရှိတယ်။ System တွေကလည်း Breakdown ဖြစ်နေတယ်။ ကိုဗစ်ကို ကုသမှုက ဘာ Guideline မှ မရှိဘူး"
 
ကိုဗစ်လူနာတွေအတွက် သူနာပြု ငှားရမ်းခကလည်း တစ်ပတ်ထက် တစ်ပတ် သိသိသာသာ ဈေးတွေ တက်လာတဲ့အကြောင်း ပရဟိတ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့မှာ လုပ်ကိုင်နေတဲ့ မအိက ပြောပြပါတယ်။
 
"ရန်ကုန်မှာ အခု Positive လူနာတစ်ယောက်ကို ကိုယ့်အိမ်မှာပဲ ပြုစုဖို့ Nurse ကုန်ကျစရိတ်က မနက် ၇ နာရီ ကနေ ည ၇ နာရီ အထိ ဇူလိုင်လလယ်လောက်မှာ ရှစ်သောင်း တစ်သိန်း ပေါက်ပေမယ့် အခု တစ်သိန်း နှစ်သောင်းပေါက်နေတယ်။ မနက် ၇ - ည ၇ ငှားချင်ပြီးတော့ ပေးပြန်လို့မရဘူး။ သူဝတ်မယ့် အသုံးအဆောင် PPE တွေ ကာကွယ်ရေးပစ္စည်းတွေ အကုန်လုံးက လူနာရှင်ဘက်က အကုန်လုံး ပေးရတယ်။ အိမ်မှာ ခေါ်ထားရတယ်။ ဂျူတီချိန်ပြီးရင် အခန်းသက်သက်နဲ့ ထားပေးရတယ်"
ygn-oxygen.jpg
(ရန်ကုန်မြို့မှာ အောက်ဆီဂျင်အတွက် တန်းစီနေသူတွေကို တွေ့ရစဥ်)
 
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "အောက်ဆီဂျင် အလုံအလောက်ရှိတယ်" လို့ ပြောနေချိန်မှာ အောက်ဆီဂျင်ထည့်တဲ့ စက်ရုံတွေမှာ ကန့်သတ်မိန့်တွေ ထုတ်ထားတာ၊ ညမထွက်ရအမိန့်ကို ဖယ်ရှားမပေးသေးတာကြောင့် လူနာတွေ  ဒုက္ခရောက်နေကြရတဲ့ အကြောင်းကိုလည်း မအိက အခုလို ဆက်ပြီး ပြောပြပါတယ်။
 
"အောက်ဆီဂျင်သွားဖြည့်ပြီဆိုရ​င် စက်ရုံမှာ ကန့်သတ်ချက်တွေကလည်း များတယ်။ လူနာတစ်ယောက်ကို အောက်ဆီဂျင်တစ်အိုးပဲ ဖြည့်ခွင့်ရှိမယ် ဆိုပြီးတော့ အမိန့်ထုတ်လိုက်ပါတယ်။ ၄၀ လီတာအိုးကို စက်ရုံမှာ ဖြည့်ခွင့်မပေးဘူးဆိုပြီး အမိန့်ထုတ်လိုက်တယ်။ အစောင့်အကြပ်တွေနဲ့ ထားတယ်။ ၂၀ လီတာ အိုး အထိကိုပဲ လူနာရှင်တွေက ဖြည့်လို့ရတယ်။ ပရဟိတ အသင်းတွေက သွားထည့်ပိုင်ခွင့်လည်း မရှိတော့ ပါဘူး။ ပရဟိတအသင်းတွေကို အိုးတွေ အများကြီး လာချပြီးတော့ ထည့်ပေးတဲ့ ပုံစံမျိုးလည်း မလုပ် တော့ပါဘူး။ အဓိက ပြဿနာက အောက်ဆီဂျင် ဖြည့်ရတဲ့အချိန် ဒီ curfew အမိန့်ကအခုထိ မပယ်ဖျက် ရသေးဘူး။ ည ၈ နာရီက​နေ မနက် ၄ နာရီအထိကို လူတွေက အပြင်ထွက်ခွင့်မရဘူး။ လူမမာတွေ ရှိနေလျက်နဲ့ လွတ်လွတ်လပ်လပ် ဖြည့်ခွင်မရဘူး။ လွတ်လွတ်လပ်လပ် သွားလာခွင့်မရဘူး။ အဓိကက လူနာတွေက မနက် ၄ နာရီ မရောက်ဘဲနဲ့  အောက်ဆီဂျင် ပြတ်သွားလို့ ဆုံးပါးသွားတဲ့ လူမမာတွေ မြောက်များစွာ ရှိနေပါတယ်။ ညဘက် ၈ နာရီ မရောက်ခင်မှာ အောက်ဆီဂျင် တစ်ညလုံးစာ လုံလောက် အောင်အတွက် အသည်းအသန် ရှာနေရတဲ့ လူနာရှင်တွေလည်း ရှိနေပါတယ်။ လူနာတွေက မသေသင့်ဘဲနဲ့ သေနေရတယ်"
 
အခုလို အခက်အခဲတွေကြောင့် ပိုက်ဆံမတတ်နိုင်တဲ့သူတွေ၊ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီး အိမ်မှာနေဖို့ အဆင် မပြေတဲ့သူတွေ Covid-19 ကာကွယ် ထိန်းချုပ်ရေး စင်တာတွေကို သွားမယ်ဆိုရင်တောင် အဆင် ပြေတဲ့ အခြေအနေမျိုး မရှိဘူးလို့ တောင်ဥက္ကလာပမြို့မှာနေတဲ့ မသီရိက RFA ကို အခုလို ပြောပါတယ်။
 
"ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစင်တာရဲ့ Facilities က အိမ်ထက်တောင် ဆိုးသေးတယ်။ အောက်ဆီဂျင်နဲ့ အပူချိန်ဆိုလည်း လုံးဝ လာမတိုင်းဘူး။ တစ်ခုခု ဆေးလိုချင်တယ် ဆိုရင်တောင် ဖုန်းခေါ်ရတယ်။ ခေါ်ရင် လည်း အနည်းဆုံး တစ်နာရီလောက်ကြာတယ်။ ဆရာဝန်တွေ ဆေးလာပေးရင်လည်း ကိုယ့်အခန်းရှေ့ကို လာမပေးဘူး။ သူတို့ဆေးစာပဲ ရေးပေးပြီး ကိုယ့်ဘာသာကိုယ် အပေါ်တက်ပြီးတော့ သွားယူရတယ်။ အဓိက ကအောက်ဆီဂျင်။ ဖျားပြီးတော့ ၁၄ ရက် ၁၅ ရက်နေ့ မြောက်ဆို အောက်ဆီဂျင်က ထိုးကျလာတဲ့အထိ ဖြစ်နိုင်တယ်။ အောက်ဆီဂျင်မရှိလို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စင်တာကို ပို့ပါတယ်ဆိုမှ အောက်ဆီဂျင်ရှူဖို့အတွက် ၂၈ သိန်းတောင် ပေးရမယ်"
 
အခုလို ဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် လက်လုပ်လက်စား သာမန်ပြည်သူတွေဟာ တိုင်းရင်းဆေး- ဆေးမြီးတိုတွေနဲ့ ကုသနေကြရပါပြီ။ တိုင်းရင်းဆေး ဆေးမြီးတိုတွေပါ ဈေးလိုက်တက်နေတာကြောင့်  ပြည်သူတွေ ပိုပြီးခက်ခဲလာနေတယ်လို့ ဒလမြို့နေ မဇာက အခုလိုပဲ RFA ကို ပြောပြပါတယ်။
 
"ဂွေးတောက်ရွက်ကလည်း တစ်စည်းငါးရာ၊ ပင်စိမ်းကလည်း တစ်စည်း ငါးရာ၊ ကြက်ဥကလည်း တစ်လုံး ကို ၂၅၀ - ၃၀၀ ဖြစ်နေတယ်။ ဆေးတွေဆိုရင်လည်း ဝယ်လို့တောင် မရတော့ဘူး။ Becozincဆို တစ်ကဒ် ကို ၇၅၀၀ တောင် ဖြစ်သွားပြီ။ ပြည်သူတွေမှာ ပိုက်ဆံ ငါးရာမှမရှိရင် ဂွေးတောက်ရွက်လည်း မဝယ်ရဘူး။ အားလုံး ဒုက္ခတွေ ရောက်နေတယ်။ စားဖို့သောက်ဖို့က အစ နေမကောင်း ဖြစ်နေတာတောင် ဆေးဆိုင်တွေ ပိတ်၊ ဆေးတွေ ဈေးတက်တဲ့အတွက် ဆေးခန်းလည်း သွားမရ၊ နေထိုင်မကောင်းဖြစ်တဲ့အခါ ဘာမှ လုပ်လို့ မရဘဲနဲ့ တော်တော့်ကို အခက်အခဲ ဖြစ်နေကြပါတယ်"
 
လက်ရှိရန်ကုန်မြို့မှာ အောက်ဆီဂျင်ဈေးနှုန်းတွေက အရင်တစ်ပတ်ကဆို လီတာလေးဆယ် အိုးတစ်အိုးကို လေးသိန်းခွဲ ငါးသိန်းဝန်းကျင်ရှိနေပြီး၊ အခုဆိုရင် ကိုးသိန်းအထိ ဈေးတက်နေတယ်လို့ သိရပါတယ်။
 

"အောက်ဆီဂျင်မရှိလို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစင်တာကို ပို့ပါတယ်ဆိုမှ အောက်ဆီဂျင်ရှူဖို့  ၂၈ သိန်းတောင်ပေးရမယ်"

တစ်နေ့လုပ်မှ တစ်နေ့စားရပြီး ငွေကြေး မတတ်နိုင်တဲ့သူတွေအတွက် ရောဂါဖြစ်လာရင် အောက်ဆီဂျင်ဘူးရဖို့ အခက်အခဲ အများကြီး ရှိနေတယ်လို့ ပရဟိတအဖွဲ့ဝင် မအိက ပြောပြပါတယ်။
 
"ငွေကြေး မတတ်နိုင်တဲ့သူ ကျတော့လည်း အောက်ဆီဂျင်တစ်အိုးကို ရှစ်သိန်း ကိုးသိန်းနဲ့ ပေးဝယ်ပြီးတော့ အောက်ဆီဂျင်ရှူရမယ့် အနေအထားမျိုးက ဘယ်လိုမှ မတတ်နိုင်ပါဘူး။ အခြေခံလူတန်းစားတွေ အတွက်က လုံးဝကို ဆေးကုသခွင့် မရတော့ဘဲနဲ့ လက်လွှတ် ဆုံးရှုံးလိုက်ရတာ များနေပြီ ဖြစ်ပါတယ်"
 
ဇူလိုင်လ ၂၈ ရက်နေ့ ည ၈ နာရီအထိ ၂၄ နာရီအတွင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၅ ယောက်၊ စုစုပေါင်း သေဆုံးသူ ရှစ်ထောင့် နှစ်ရာကျော် ရှိသွားပြီလို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
 
NLD အရပ်သား အစိုးရလက်ထက်က ဗိုင်းရပ်စ်ပိုးရှိ၊ မရှိကို Quarantine Center တွေ၊ ဆေးရုံဆေးခန်းတွေမှာ စစ်ဆေးနိုင်ပေမယ့် စစ်ကောင်စီလက်ထက်မှာ တစ်နိုင်တစ်ပိုင် Test Kits တွေ ဝယ်ယူပြီး နေအိမ်တွေမှာပဲ စစ်ဆေးနေကြရတာပါ။ ဒါ့ပြင် ဆေးရုံတက်ခွင့်မရဘဲ နေအိမ်မှာတင် သေဆုံးရသူတွေလည်း အများအပြား ရှိနေပါတယ်။
 
ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူနဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ လက်တွေ့မှာ စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းထက် အဆမတန် ပိုများနိုင်တယ်လို့ လက်လုပ်လက်စား သာမန်ပြည်သူတွေကို နေ့စဉ်ကူညီပေးနေတဲ့ ပရဟိတ အသင်းအဖွဲ့တွေနဲ့ လေ့လာသူတွေက ပြောဆို နေကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။