ကျန်းမာရေး ပြန်ကောင်းလာလို့ ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုထောင် ပြန်ပို့
Covid-19 ကူးစက်ခံထားရပြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရောဂါအခြေအနေ သက်သာလာလို့ အိုးဘိုထောင်ကို ပြောင်းရွှေ့ထားလိုက်ပြီလို့ သိရပါတယ်။
သြဂုတ်လ ၂၇ ရက် မနေ့က ဆေးရုံကြီးကနေ အိုးဘိုထောင်ကို ပြန်ပို့ခဲ့တယ်လို့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
“မနေ့က ၂၇ ရက်ကနေ့က အိုးဘိုထောင်ကို ဆေးရုံဆင်းပြီး ပြန်သွားတယ်လို့ သိရပါတယ်။ ကိုဗစ်နဲ့ ပတ်သက်လို့ကတော့ သက်သာတဲ့ အခြေအနေမျိုးလို့ သိရပါတယ်။ ကျန်တဲ့ကင်ဆာကိစ္စတွေကတော့ နဂိုကတည်းက ကင်ဆာရောဂါ တအားကြီးတယ်ဆိုတော့ ကုသမှုကတော့ အဆက်မပြတ်ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် အခြေအနေရှိပါတယ်“
ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ကင်ဆာရောဂါကို ခံစားနေရသူတစ်ဦးဖြစ်ပြီး အိုးဘိုထောင်မှာ အကျဉ်းချခံထားရ ချိန် သြဂုတ်လ ၆ ရက်နေ့မှာ Covid-19 ကူးစက်ခံခဲ့ရလို့ မန္တလေးဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသ ခံယူခဲ့ရတာပါ။
ဒေါက်တာ ဇော်မြင့်မောင်ရဲ့ တရားရုံးချိန်းကို စက်တင်ဘာလ ၆ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ရုံးချိန်းထားပေ မယ့် တရားရုံးပြန်ဖွင့်မဖွင့် မသေချာသေးဘူးလို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားတဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို လက်ရှိစစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တို့နဲ့ တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရပါတယ်။