မြန်မာအပေါ်ပိတ်ဆို့အရေးယူရေး အမေရိကန်လွှတ်တော်မှာ တားဆီးထား
2018.07.02

မြန်မာနိုင်ငံက တပ်မတော်အရာရှိကြီး တချို့ကို ပစ်မှတ်ထား အရေးယူရေးနဲ့၊ ခရီးသွားလာခွင့် ကန့်သတ်ထားတဲ့ ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ အတည်မပြုနိုင်အောင် အဓိက ပိတ်ပင်ထားသူဟာ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် မစ်ချ်-မက်ကော်နယ် ဖြစ်တယ်လို့ ဒီနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားလိုက်ပါတယ်။
ဒီဥပဒေမူကြမ်းကို ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘင်ဂျမင်ကာဒင် တို့က ရေးဆွဲခဲ့တာဖြစ်ပြီး အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ထောက်ခံထားပြီး ဖြစ်ပါတယ်။
အလားတူ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူဖို့ ပါဝင်တဲ့ ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က မေလက အတည်ပြုထားပြီး၊ ဥပဒေကြမ်း ၂ ခု ပူးပေါင်း အတည်ပြုရေးကိစ္စမှာ အခုလို အချိန်ကြာမြင့်နေတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော် သတင်းရပ်ကွက်တွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားပါတယ်။
အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် မစ္စတာမက်ကောနယ်လ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ၂၅ နှစ်ကျော်ကြာ ဦးဆောင် ကြိုးပမ်းခဲ့သူတဦး ဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အလွန်ခင်မင် လေးစားသူတဦးဖြစ်ပါတယ်။