မက်စ် မြန်မာကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ကိုင်ဖို့ စင်္ကာပူကုမ္ပဏီက ရှယ်ယာသစ်ရောင်းမည့် အစီအစဉ် ပယ်ချခံရ
2013.04.30
မြန်မာနိုင်ငံမှာ ခရီုနီလို့လူသိများတဲ့ မက်စ် မြန်မာ ကုမ္ပဏီထူထောင်သူ ဦးဇော်ဇော်နဲ့အတူ အလုပ်လုပ်ဖို့အတွက် စင်္ကာပူအထည်ချုပ်ကုမ္ပဏီ Aussino က ရှယ်ယာသစ်တွေ အမေရိကန်ဒေါ်လာ ၅၇ သန်းဖိုး ထုတ်ဝေဖို့ စင်္ကာပူ SGX ဘဏ်ကို လျှောက်ထားခဲ့ပေမယ့် ဘဏ်ကလက်မခံ ပယ်ချလိုက်ပါတယ်။
Aussino ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်းက ဦးဇော်ဇော်လုပ်ကိုင်နေတဲ့ လောင်စာဆီအရောင်းဆိုင်တွေကိုဝယ်ယူဖို့ ရှယ်ယာသစ်တွေ ထုတ်ဝေမယ်လို့ မနှစ်ကကြေညာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ မျှော်လင့်ကြတဲ့အတွက် Aussino ရဲ့ မူလရှယ်ယာဈေးနှုန်းတွေလည်း မြင့်တက်သွားခဲ့ပါတယ်။ တကယ်လို့ SGX ဘဏ်က Aussino ကို ရှယ်ယာသစ်တွေ ထုတ်ဖို့လက်ခံပြီး ငွေထုတ်ပေးမယ်ဆိုရင်၊ အရောင်းအဝယ် ဖြစ်သွားနိုင်ပြီး၊ ဦးဇော်ဇော်ဟာလည်း Aussino ရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ SGX ဘဏ်က ဦးဇော်ဇော်ကို အကြောင်းပြုပြီး Aussino ကုမ္ပဏီရဲ့ လျှောက်လွှာကို ပယ်ချခဲ့ပါတယ်။
ဦးဇော်ဇော်ဟာ အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့ထားသူစာရင်းထဲမှာ ပါဝင်နေဆဲဖြစ်တဲ့အပြင်၊ သူပိုင်လုပ်ငန်းတွေဟာလည်း အရင်စစ်အစိုးရလက်ထက် အဓမ္မမြေသိမ်းမှုတွေအပါအဝင် လူ့အခွင့်အရေးဖေါက်ဖျက်မှုတွေ၊ အခွန်ကိစ္စတွေနဲ့ ငြိစွန်းနေတဲ့အတွက် Aussino ကုမ္ပဏီရဲ့လျှောက်လွှာကို ပယ်ချလိုက်တာဖြစ်ကြောင်း SGX ဘဏ်က ပြောပါတယ်။
အခုလို SGX ဘဏ်က ငြင်းပယ်လိုက်တာကြောင့် Aussino ရဲ့ ရှယ်ယာတွေကို အလုအယက် ပြန်ရောင်းနေကြတဲ့အတွက် Aussino ရှယ်ယာဈေးနှုန်းတွေ ထက်ဝက်လောက် ထိုးကျသွားတယ်လို့ သိရပါတယ်။