မောင်တောခရိုင် ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

RFA Burmese
2024.03.25
မောင်တောခရိုင် ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ် မောင်တောခရိုင် ပြည်သူ့ဆေးရုံကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဥ်။
RFA

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြည်သူ့ဆေးရုံအုပ်နဲ့ မြို့နယ်ကုသရေးဦးစီးဌာနမှူးဖြစ်သူ ဒေါက်တာ နုကေသီစံ နဲ့ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်နိုင်လင်းတို့ကို စစ်ကောင်စီက မတ်လ ၂၅ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကျန်းမာရေးဝန်ထမ်းနှစ်ဦးဟာ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေအတွင်း တိမ်းရှောင်သွားတာကြောင့် ပြည်ပကို မထွက်ခွာနိုင်ရေး အမည်စာရင်းတင်သွင်းဖို့နဲ့ ဖမ်းဆီးရမိရေးဆောင်ရွက်ဖို့ ပြည်နယ်စစ်ကောင်စီကနေ မောင်တောမြို့နယ် ရဲတပ်ဖွဲ့ကို ညွှ့န်ကြားတဲ့စာမှာ ဖော်ပြထားပါတယ်။

မောင်တောခရိုင်ဆေးရုံက ဝန်ထမ်းတွေ စစ်တွေကို ရွှေ့ပြောင်းဖို့ ညွှန်ကြားတာကိုမလိုက်နာဘဲ AA နဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့တာလို့ ဒီအကြောင်းကိုသိတဲ့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

“မြိုခံတစ်ယောက်အနေနဲ့တော့ စိတ်မကောင်း ဖြစ်ရတယ်။ ဒီလိုဖမ်းဝရမ်းထုတ်လိုက်တဲ့အားဖြင့် နောက်ထပ် ဘယ်သူတွေက ဒီဆေးရုံမှာ တာဝန်ထမ်းဆောင်ချင်တော့မလဲ။ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေမရှိရင် မြို့သူမြို့သားတွေရဲ့ ကျန်းမာရေးအတွက် ပိုပြီးစိုးရိမ်စရာဖြစ်သွားပြီ”

ဝန်ထမ်းတွေအနေနဲ့ မောင်တောခရိုင်ဆေးရုံကိုပိတ်ပြီး စစ်တွေမြို့ကို ပြောင်းရွှေ့ဖို့ မတ်လ ၁ ရက်မှာ ပြည်နယ် စစ်ကောင်စီက နှုတ်မိန့်နဲ့ ညွှ့န်ကြားခဲ့တာလို့ သူက ပြောပါတယ်။

မောင်တောဆေးရုံကို မတ်လ ၁ ရက်နေ့ကတည်းက ပိတ်လိုက်ပြီး လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းတွေကတော့ စစ်တွေကို မသွားဘဲ တိမ်းရှောင်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFAက ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဖမ်းဝရမ်းထုတ်ခံရတဲ့ ဒေါက်တာ နုကေသီစံဟာ မောင်တောမြို့ဇာတိဖြစ်ပြီး လက်ထောက်ဆရာဝန် ဒေါက်တာ အောင်နိုင်လင်းက ပေါက်တောမြို့ဇာတိ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။