၁၂ တန်း ပညာရေးစနစ် ပထမဆုံး တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်
2024.06.11

မြန်မာနိုင်ငံမှာ ၁၂ တန်း ပညာရေးစနစ်ရဲ့ ပထမဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်း ၅၇ ရခိုင်နှုန်းကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၁၂၈,၈၂၀ ဦးရှိပြီး အဲဒီထဲက ၇၄,၅၉၂ ဦး အောင်မြင်ခဲ့ပါတယ်။ အောင်ချက်ရာခိုင်နှုန်းက ၅၇ ဒသမ ၉ ရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်စဉ်ဝင်ရောက်ဖြေဆိုသူ ကိုးသိန်းနီးပါးရှိခဲ့တာပါ။ စစ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်းတိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ကျောင်းသားအများအပြားက ကျောင်းမတက်နိုင်ကြတော့ပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းတွေစတင်ဖွင့်လှစ်နေပါပြီ။ ဒါပေမဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေက တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေများ စာသင်ကျောင်းတွေ အများအပြား ပိတ်ထားရဆဲဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၆ ဒသမ ၃၉ သန်း (၆,၃၉၃,၅၂၈ ဦး) ရှိတယ်လို့ ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။