အာဇာနည်တွေပေါ်ပေါက်ရေး ကြိုးစားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အာဇာနည်လို့ခေါ်နိုင်တဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေပေါ်ပေါက်လာဖို့၊ အာဇာနည်တွေရဲ့ ကိုယ်ကျိုးစွန့် လုပ်ဆောင်ချက်တွေကို စံနမူနာယူဖို့ နဲ့ အာဇာနည်နိုင်ငံတရပ်ဖြစ်ပေါ်လာဖို့ လူတဦးချင်းက ကြိုးစား ဖို့လိုတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

2011.07.19
martyrsday-nld-assk ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်စဉ်။
AFP


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပတဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။

“အဲ ဒီတော့ အာဇာနည် ခေါင်းဆောင်ကြီးများဟာ ကျမတို့နိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကျဆုံးခဲ့တယ်။ လွတ်လပ်ရေး ဘာဖြစ်လို့ ရစေချင်လဲ။ လွတ်လပ်ရေး ရစေချင်တယ်ဆိုတာ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကံကြမ္မာကို ကိုယ် တည်ဆောက်ခွင့် ရဖို့အတွက် ဒါအတွက် ကျမတို့ လွတ်လပ်ရေး ရချင်ကြတာ။ အဲဒီတော့ ကိုယ့်ကံကြမ္မာကို ကိုယ်တည်ဆောက် ချင်တယ်ဆိုရင် တခြားသူကို အားကိုးနေလို့ မရဘူး။ အကောင်းအတွက်ကော အဆိုးအတွက်ကော တခုခု မဟုတ်တာ ဖြစ်လို့ရှိရင်လည်း သူများကြောင့်ဆိုပြီးတော့ လက်ညှိုးထိုးနေလို့ မရဘူး။ သူများကြောင့် ဆိုရင်လည်း ကိုယ်က ဒီဟာကို ဘယ်လို ပြန်ပြင် ယူမလဲ ဆိုတာကို စဉ်းစားရမယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးမှ ကိုယ့်ကိုယ်ကိုယ် အားကိုးပီးတော့ နောက်ဆုံး အသက်ပါ စတေးသွားတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို ကျမတို့ လေးစားရာရောက်မှာပါ”

ဒီအခမ်းအနားမှာ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးက အာဇာနည် ခေါင်းဆောင်ကြီးများနည်းတူ တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံ့ပြဿနာတွေ ဖြေရှင်းဖို့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

“အာဇာနည ်ခေါင်းဆောင်ကြီးများရဲ့ စံနမူနာများကို အတုယူလျက် တိုင်းပြည်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားများအရေး စသည့် ပြဿနာများကို ညှိနှိုင်းဆွေးနွေး ဖြေရှင်း အဖြေရှာကြရန် အထူး လိုအပ်နေပြီ ဖြစ်ပါတယ်”

အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာနဲ့ ဗဟန်း ရွှေဂုံတိုင်လမ်းမှာ ရှိတဲ့ NLD ရုံးချုပ်မှာ သံဃာတော်တွေကို ဆွမ်းဆက်ကပ်ခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့အဖွဲ့ချုပ်မှာ အာဇာနည်နေ့ အခမ်းအနားလုပ်တယ်။ ၁၁ နာရီကစတယ်။ ၁၂ နာရီခွဲလောက်ပြီးပါတယ်။ အဲဒီ ၁၂ နာရီခွဲပြီးပြီးချင်းပဲ ကျနော်တို့ အာဇာနည်ကုန်းကို သွားပြီးတော့ ဂါရဝပြု ပန်းခွေချပါတယ်။ ကားနဲ့သွားပါတယ်။ အာဇာနည်ကုန်းထိပ်အထိ သွားလို့ရပါတယ်”

ရွှေဂုံတိုင်လမ်း NLD ရုံးချုပ်မှာ အာဇာနည်နေ့ အခမ်းအနားကျင်းပချိန်မှာ အပြင်ကနေ လူထု ပရိသတ်ကြီးက လာရောက်အားပေးနေကြတယ်လို့သိရပါတယ်။ တချိန်ထဲမှာလည်း ဒီနေ့ အစီအစဉ် တွေကို အာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ပြီး အားလုံးအဆင်ပြေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်းပြောတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။

“အာဏာပိုင်တွေနဲ့ မနေ့ကတည်းက ကျနော်တို့ တင်ပြဆွေးနွေး ညှိနှိုင်းတယ်။ အားလုံး ဒီနေ့ အဆင်ပြေပါတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ကျနော့်ကို အခုပဲ ပြောလိုက်ပါတယ်။ ဒီလိုအဆင်ပြေအောင် ဆောင်ရွက်ခွင့်ရတာ အများကြီး ကျေးဇူးတင်ပါတယ်။ ဘယ်ကိစ္စမဆို ဒီလိုပဲ ညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေနိုင်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရက ကြီးမှူးကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ဒီမနက်ပိုင်း ကလည်း တက်ရောက်ခဲ့ပြီး အာဇာနည်ဗိမာန်မှာ လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။ ဒါဟာ ၉ နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ဂါရဝပြုတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။