စစ်တပ်အငြိမ်းစားတွေကို စစ်မှုပြန်ထမ်းခိုင်းမဲ့ အရန်တပ်ဖွဲ့ဥပဒေ စစ်ကောင်စီကြေညာ
2024.02.13

စစ်တပ်ကနေ အငြိမ်းစားယူထားသူတွေကို ပြန်လည်စစ်မှုထမ်းခိုင်းမဲ့ အရန်တပ်ဖွဲ့ဥပဒေကို စတင်အသက်ဝင်တယ်လို့ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
စစ်မှုထမ်းတစ်ဦးဟာ နုတ်ထွက်ခွင့် ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရရှိတဲ့နေ့ကနေ ငါးနှစ်အထိ အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းတာကနေ နုတ်ထွက်တာ ဒါမှမဟုတ် အငြိမ်းစားယူတဲ့ စစ်မှုထမ်းတစ်ဦးကို အရန်တပ်ဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်နိုင်တယ်လို့ ရေးသားထားပါတယ်။
စစ်ဘက်အာဏာပိုင်က စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခံရရင် သတင်းပို့ရမှာဖြစ်ပြီး သတင်းမပို့ဘဲ ပျက်ကွက်မယ်ဆိုရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အရန်တပ်ဖွဲ့ဥပဒေမှာ စစ်မှုထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေ အဓိကသက်ဆိုင်ပါတယ်။ စစ်တပ်ကနေ အငြိမ်းစားယူတဲ့သူတွေဟာ ငါးနှစ်အထိ အကျုံးဝင်မှာဖြစ်ပြီး လူတိုင်းမပါဝင်ဘူးလို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ထိန်းချုပ်တဲ့ သတင်းဌာနတွေကတစ်ဆင့် ပြောဆိုထားပါတယ်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီအရန်တပ်ဖွဲ့ဥပဒေကို ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ လက်မှတ်ထိုးပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့ပါတယ်။
၂၀၁၉ ကြားဖြတ်သန်းခေါင်းစာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အမျိုးသား ခြောက်သန်းကျော်၊ အမျိုးသမီး ခုနစ်သန်းကျော်၊ စုစုပေါင်း ၁၃ သန်းရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။