ထားဝယ်မှာ အဖမ်းခံရတဲ့ဗိုလ်မှူး ထွက်ပြေးတာကြောင့် ပစ်သတ်ခံရ
2022.11.28
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီခန့်က ခရီးသည်တင်ယာဉ်တစ်စီးပေါ်ကနေ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ဦးဝင်းဌေးနိုင်ကို ကာကွယ်ရေးအဖွဲ့တွေက ခေါ်ယူစစ်ဆေးမေးမြန်းနေချိန် သေနတ်လုပြီး ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပုလောမြို့နယ်ဘက်ကနေ ထားဝယ်ဘက်ကို ထွက်ခွာလာတဲ့ အဲဒီခရီးသည်တင်ယာဉ်ကို မသင်္ကာလို့ဆိုပြီး ထားဝယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက တားဆီး စစ်ဆေးခဲ့ရာမှာ အရာရှိတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မေးမြန်းနေချိန်မှာပဲ သေနတ်လုပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်သတ်လိုက်ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကားကိုတားတယ်။ တားပြီး စစ်ဆေးတဲ့အချိန်မှာ ဗိုလ်မှူးတစ်ယောက် ပါလာတယ်။ မေးစရာရှိတာ မေးပြီးတော့ ဖမ်းလိုက်တာပေါ့နော်။ အဲဒီအချိန်မှာပဲ ဗိုလ်မှူးက သေနတ် လုပြီးတော့ ထွက်ပြေးတဲ့အတွက် ပစ်မိသွားတာ။ သူ့ကိုက ကြိုးမတုပ်ထားမိဘူး။ ရဲဘော်တွေကများတော့ သူဒီလိုလုပ်မယ်လည်း မထင်လို့"
ဗိုလ်မှူးအဆင့်ရှိသူ ဦးဝင်းဌေးနိုင်ဆီက ရရှိတဲ့အချက်အလက်တွေအရ မှတ်ပုံတင်မှာ မလမ(နိုင်)လို့ ရေးသားထားပြီး ပုလောအခြေစိုက် တပ်ရင်းတစ်ခုကနေ ထားဝယ်တပ်ရင်း တစ်ခုဘက်ကို ပြောင်းရွှေ့လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
"သူကမပြောဘူး။ မှတ်ပုံတင်ထဲမှာ ဗိုလ်မှူးလို့ ရေးထားလို့ သိရတာ။ ကြည်းတပ်က ပုလောကနေ ထားဝယ်တပ်ရင်းကို လာတာ။ အသက်က လူလတ်ပိုင်း ၄၀ နီးပါးရှိပြီ။ မှတ်ပုံတင်မှာ မော်လမြိုင်ဘက်ကလို့ ရေးထားတယ်။ မလမ (နိုင်) ပေါ့"
ဗိုလ်မှူးဖြစ်သူကို ဖမ်းဆီးရမိပြီးနောက် ကျန်တဲ့ခရီးသည်တွေကိုပါ စစ်ဆေးခဲ့ပေမယ့် ကျန်တဲ့သူတွေဟာ သာမန်အရပ်သားတွေဖြစ်တာကြောင့် အကုန်လုံးကို ပြန်လွှတ် ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ညဘက် ထားဝယ်လမ်းကြောင်းကိုသုံးပြီး ဖြတ်သန်းသွားလာခြင်းတွေ မပြုလုပ်ကြဖို့လည်း မေတ္တာရပ်ခံ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၃) ရပ်ကွက်မှာ အငြိမ်းစား ဗိုလ်မှူးကြီး ဇော်နိုင်ဝင်းဆိုသူဟာ သူ့နေအိမ်မှာ အပင်တွေ ရေလောင်းနေချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာကနေ အခုချိန်အထိ တစ်နှစ်ကျော်ကာလအတွင်း လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်တပ် အရာရှိနဲ့ အရာရှိဟောင်း ၁၁ ဦးခန့် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပါတယ်။