ပျက်ကျတဲ့တိုက်လေယာဉ်က စစ်ကောင်စီဗိုလ်မှူးကို ကရင်နီတပ်မတော်ဖမ်းမိ

RFA Burmese
2023.11.20
ပျက်ကျတဲ့တိုက်လေယာဉ်က စစ်ကောင်စီဗိုလ်မှူးကို ကရင်နီတပ်မတော်ဖမ်းမိ ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ပျက်ကျခဲ့သည့် တိုက်လေယာဉ်အပျက်အစီး များအား တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်က K-8 အမျိုးအစားတိုက်လေယာဉ်ဟာ ကယားပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်က ပျက်ကျခဲ့ပြီး လေထီးနဲ့ခုန်ချလို့ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဗိုလ်မှူး ခိုင်သန့်မိုးကို နိုဝင်ဘာလ ၁၉ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးနှစ်ဦး လွတ်မြောက်ခဲ့ပြီး အဲဒီထဲက ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်ပြည်နယ် လိပ်သိုမြို့နယ် တန်ကလူးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။

တန်ကလူးရွာဟာ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်က ကျေးရွာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးကို ကယားပြည်နယ်ထဲကို ပြန်လည်ခေါ်ဆောင်လာပြီလို့ KA သတင်းအရင်းအမြစ်က ပြောပါတယ်။

“ကရင်နီ နဲ့ ကရင်နယ်စပ်ဘက်ဖြစ်တဲ့ လိပ်သိုဘက်မှာ မိတယ်ပြောတယ်။ ဖရူဆိုအနောက်ခြမ်းမှာပေါ့ အဲဒါက။ နှစ်ယောက်ထဲမှာ အကြီးတစ်ယောက်ပေါ့”

ဖမ်းဆီးရမိတဲ့ အသက် ၄၃ နှစ်အရွယ် ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃၊ ဗိုလ်မှူးခိုင်သန့်မိုးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၄၄ တက်ရောက်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည်မောင်ကို ကရင်နီပူးပေါင်းတပ်တွေက ဆက်လက်ရှာဖွေနေတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်ရဲ့လေယာဉ်ကို ကရင်နီပူးပေါင်းတပ်တွေက ပစ်ချခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လေ့ကျင့်ရေးအပေါ့စားလေယာဉ်ဟာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကနေ တစ်ဆင့် နိုဝင်ဘာလ ၁၂ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဒီ့အပြင် လေယာဉ်ပျက်ကျမှုမှာ ပါဝင်တဲ့ လေယာဉ်မှူးနှစ်ဦးနဲ့လည်း အဆက်အသွယ်ရထား ပြီလို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။