အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်သူများကို မကွေးမြို့က အရေးယူမှုအခြေအနေ

ကိုဂျေ(ဝါရှင်တန်ဒီစီ)
2021.03.19

ဖေဖော်ဝါရီလ(၁)ရက်နေ့ကစလို့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးအရရော၊ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုတွေမှာ ဖမ်းဆီးအရေးယူ ခံထားရသူတွေထဲကနေ လူပေါင်း(၅၆)ဦး အမှုတွဲ(၁၃)မှုအတွက် မကွေးတိုင်း ဥပဒေအထောက်အကူပြု ရှေ့နေများအဖွဲ့က လိုက်ပါဆောင်ရွက်ပေးနေပါတယ်။

ဒီလိုလိုက်ပါဆောင်ရွက်ပေးရတဲ့အခါမှာ ကာယကံရှင် စွပ်စွဲဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ခွင့်မရဘဲ မိဘဆွေမျိုးတွေနဲ့သာ တွေ့ဆုံရပြီး အမှုလိုက်ပါဆောင်ရွက်ရတာ ဖြစ်လို့ တရားစွဲဆိုခံထားရသူအနေနဲ့ နိုင်ငံသားအခွင့်ရေး ပျက်ပြယ်နေတာတွေ့ရမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှ့နေ ဦးအောင်နိုင်က ပြောပါတယ်။

“ကျနော်တို့ လိုက်ပါဆောင်ရွက်နေတဲ့အမှု အရပ်ရပ်မှာ စွပ်စွဲခံရတဲ့သူ ဘယ်သူ တစ် ဦးတစ် ယောက်နဲ့မှ ကျနော်တို့ တွေ့ဆုံခွင့်မရပါဘူး။ တွေ့ဆုံခွင့်မရဘဲနဲ့ ကျနော်တို့ အမှုကို မိသားစုတွေနဲ့တဆင့် ပြောဆိုပြီးတော့မှ လက်ခံရပါတယ်။ အခုအချိန်ထိ အမှုနဲ့ပတ်သက်ပြီးတော့ ကာယကံရှင် စွပ်စွဲခံရတဲ့သူတစ်စုံတစ်  ယောက်နဲ့မှ မေးမြန်းတွေ့ဆုံ ဆွေးနွေးခွင့် မရှိပါဘူး။ ဒါဟာ ဆိုလို့ရှိရင်လည်း ကျနော်တို့ နိုင်ငံသားအခွင့်အရေး ခံစားရမယ့်အခွင့်အရေးတွေဟာ ပျက်ပြယ်နေကြောင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်”

တရားစွဲဆိုထားတဲ့ ပုဒ်မတွေမှာ ၅၀၅−ကနဲ့ အများဆုံး ဖြစ်ပြီး ဘေးအန္တရာယ်(၂၅)၊ ၅၀၅(ခ)စတာတွေဖြစ်ပြီး ကလေးသူငယ် (၂)မှု ပါဝင်နေတာလည်း ရှိတယ်လို့ပြောပါတယ်။ မတ်လ(၁၈)ရက်က ကလေးသူငယ်အမှုကို မကွေးမြို့နယ်တရားသူကြီးရုံးမှာ တရားစွဲလိုက်တာဖြစ်ပြီး အာမခံရနိုင်ဖို့ လျှောက်ထားပြီးဖြစ်တယ်လို့ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှ့နေ ဦးအောင်သူဖြိုးက ပြောပါတယ်။ အာမခံပေးဖို့ရက်ကို ထပ်မံချိန်းဆိုလိုက်တဲ့အတွက် ကလေးသူငယ်ရပိုင်ခွင့် အခွင့်အရေး မရရှိခဲ့တဲ့အပေါ် အခုလိုရှင်းပြပါတယ်။

“ပုဒ်မ(၈၃) အပိုဒ်ခွဲ(ဂ)မှာ တရားစီရင်နေစဉ်အတွင်း တရားရုံးမှာ တရားစွဲတင်ပို့လာတဲ့ ကလေးသူငယ်များကို ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် အာမခံဖြင့် ခံဝန်ချုပ် ချုပ်ဆိုစေပြီး စည်းကမ်းချက်များ သတ်မှတ်ပြီး မိဘအုပ်ထိန်းသူထံ ဖြစ်စေ ယာယီဂေဟာဖြစ်စေ အခြားသင့်လျော်သော နေရာသို့ဖြစ်စေ အုပ်ထိန်းသူထံ အပ်နှံနိုင်သည်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ နောက်တစ်ချက်က အပိုဒ်ခွဲ(ဂ) ပုဒ်မ(၈၃)အပိုဒ်ွဲ(ဂ)မှာဆိုရင် မည်သည့်အကြောင်းနှင့် မဆို ကလေးသူငယ်ကို ရဲအချုပ်တွင်ဖြစ်စေအကျဉ်းထောင်တွင်ဖြစ်စေ ချုပ်မိန့်မပေးရလို့ အတိအလင်းမ ပေးရလို့ ပြဌာန်းထားတာရှိပါတယ်။ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့အာမခံလေး လပိုင်း(၁)ရက်နေ့မှာ ပေးမယ်မပေးဘူး။ အမိန့်ကို ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”

မတ်လ(၁၈)ရက်နေ့က ကလေးသူငယ်အမှုအတွက် ရှေ့နေပါဝါ တင်နိုင်ဖို့ ရဲစခန်းကို လက်မှတ်သွားရောက်ထိုးချိန်မှာ ကလေးငယ်(၂) ယောက်ကို တခြားအချုပ်သားတွေနဲ့အတူ ချုပ်နှောင်ထားတာကို တွေ့မြင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

မောင်သီဟဇော်ရဲ့အမေဖြစ်သူ ဒေါ်ခင်ဝင်းက မိခင်တစ် ယောက်ရဲ့ ပူလောင်တဲ့ သောကကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ဘယ်လိုက်လို့ လိုက်ရမှန်းမသိ ဖြစ်နေတော့လေ။ ဟိုဆက် ဒီဆက် ဆက်တော့ဆက်နေသေးတယ်။ ပြီးတော့ သူတို့ ကလေးကို ရိုက်နှက်ခေါ်သွားတယ်လို့ ကြားရပါတယ်ရှင့်။ ညနေပိုင်းကျတော့လေ အဲလိုရိုက်နှက်ခေါ်သွားတော့ ကလေးကအရိုးအက်သွားတယ်လို့ ကြားရတယ်။ ခေါင်းတွေလည်း အရိုက်ခံရတယ်လို့ ပြောပါတယ်ရှင့်။ ကုတင်(၁၀၀)မှာ ကလေးကို ကျောက်ပတ်တီး စီးသွားတယ်လို့ သိရပါတယ်ရှင့်။ ကျမဝမ်းနည်းရပါတယ်ရှင့်။ စိတ်လည်း မကောင်းပါဘူး။ ကျမသားလေး အသက်မပြည့်ဘူးဆိုပြီးတော့ ချက်ချင်းပြန်လွတ်လာလိမ့်မယ်လို့ ပြန်လွှတ်ပေးလိမ့်မယ်လို့ ထင်ခဲ့တာပါရှင့်။ ကျမသားလေးကို ကျမရင်ခွင်ထဲပဲ ပြန်လိုချင်တာပါရှင်”

အဖမ်းဆီးခံကလေးငယ် နှစ်ဦးဟာ အသက်အရွယ်အားဖြင့် (၁၆)နှစ်သာရှိသေးတဲ့ မောင်သီဟဇော်နဲ့ မောင်ခန့်တို့ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ၅၀၅−က ကြီးနဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်(၃)နှစ် (သို့မဟုတ်) ငွေဒဏ် ကျခံနိုင်ပြီး ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။