မတ္တရာမှာ ရှေ့တန်းရောက်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး PDF ထံ ခိုလှုံလာ

RFA Burmese
2024.12.26
မတ္တရာမှာ ရှေ့တန်းရောက်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး PDF ထံ ခိုလှုံလာ မန္တလေးတိုင်း မတ္တရာမြို့နယ် ရှေ့တန်းစစ်မြေပြင်မှ ကာကွယ်ရေးတပ်ထံ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ခိုလှုံလာသည့် စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦးကို တွေ့ရစဉ်။
Facebook/ တောင်သူဦးကြီးများအဖွဲ့ -PDF

စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ အဓမ္မ စေခိုင်းခံရသူ နှစ်ဦး မန္တလေးတိုင်း မတ္တရာမြို့နယ်က ရှေ့တန်း စစ်မြေပြင်ကနေ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တောင်သူဦးကြီးများအဖွဲ့ (LDF) ကာကွယ်ရေးတပ်ထံ ခိုလှုံလာတယ်လို့ အဲဒီအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

အသက် ၂၀ ကျော်အရွယ် ကိုမောင်ကိုကြီးနဲ့ ကိုချစ်ကိုဦးတို့ ခိုလှုံလာတာဖြစ်ပြီး သူတို့ကို ရွှေဘိုလေ့ကျင့်ရေး-၈ သင်တန်းကျောင်းမှာ သုံးလနီးပါးအကြာ စစ်သင်တန်းပေးပြီးနောက် မတ္တရာမြို့နယ်က ရှေ့တန်းစစ်နှာပြင်ကို ပို့ခဲ့တာလို့ တောင်သူဦးကြီးများအဖွဲ့ (LDF) နဲ့ နီးစပ်သူက ပြောပါတယ်။

“မောင်ကိုကြီးက ရွှေဘိုနယ်သား၊ ချစ်ကိုဦးကကျ ကော့မှုးမြို့နယ်ကပါ။ အခုထိ အန္တရာယ်ကင်းကင်းနဲ့ ရှိနေတယ်ပေါ့နော်။ အလင်းဝင်လာတုန်းကတော့ လက်နက်ခဲယမ်း မပါလာပါဘူး။ ဒီအတိုင်းပဲ လာကြတာလို့ သိထားပါတယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းပို့တာတွေ ရှိနေပြီး ကယား (ကရင်နီ) ပြည်နယ်ရဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း ဆင်းထားတဲ့ တပ်သားသစ်လေးဦး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံ လက်နက်နဲ့တကွ ခိုလှုံလာတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားက စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ကောင်စီ တပ်သား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲမှာ စစ်မှုထမ်းသင်တန်းဆင်း ဆယ်ဦး ပါဝင်တယ်လို့ ချင်းဒေသ ကာကွယ်ရေး (CDF) ဟားခါးတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောထားပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈) အထိ ခေါ်ယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။