မတ္တရာမြို့နယ်က နာရေးကူညီမှုအသင်း အတွင်းရေးမှူး စစ်ကြောရေးမှာ သေဆုံး
မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာလမ်းခွဲအနီးမှာရှိတဲ့ မဟာကုသလကာရီ နာရေးကူညီမှုအသင်း ရဲ့ အတွင်းရေးမှူး အသက် ၅၅ နှစ်အရွယ် ဦးသန်းမြင့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံရပြီး နောက်တစ်နေ့မှာ သေဆုံးသွားတဲ့အကြောင်း မိသားစုထံ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူ့ကို စစ်သားတွေက အသင်းရုံးကနေ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး စစ်တပ်ရဲ့လက်ထဲမှာပဲ သေဆုံး သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဦးသန်းမြင့်က အရင်ရက်တွေက သူ့ကိုဖမ်းမယ်ဆိုပြီး သတင်းကြားလို့ ရှောင်နေတာ။ ဘာမှမထူးတော့ မဟုတ်လောက်ဘူးဆိုပြီးတော့ အသင်းကိုပြန်လာပြီး အလုပ်လုပ်နေတုန်း စစ်သားတွေက စစ်မေးစရာရှိလို့ ဆိုပြီး ခေါ်သွားတာ။ နောက်ရက်တော့ ကျန်းမာရေးမကောင်းလို့ ဆုံးသွားပြီပြောတယ်။ ဖြစ်မှမဖြစ်နိုင် တာ။ သူက ကျန်းမာရေးကောင်းတဲ့သူပဲ။ အဓိကကတော့ မဟုတ်မမှန် သတင်းပေးတွေကြောင့် ဖြစ်ရတာ"
သူ့ရဲ့ ဦးခေါင်းမှာ ချိုင့်ဝင်ဒဏ်ရာတွေကို တွေ့ရပြီး အလောင်းကိုလည်း ရင်ခွဲထားတယ်လို့ ပြောပါတယ်။
သူ့ရဲ့ရုပ်အလောင်းကို မိသားစုက ရေနံ့သာ သုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြပြီး ဒီဇင်ဘာလ ၁၅ ရက် မနေ့ကတော့ နေအိမ်မှာ ရက်လည်ဆွမ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်အတွင်းမှာ အခုလ အတွင်းက ကိုဂျပန်ကြီးနဲ့ ကိုဆံရှည်ဆိုသူကိုလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
မတ္တရာမြို့နယ်အတွင်းမှာ အခုလပိုင်းအတွင်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေပြီး ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့မှာလည်း မိုဘိုင်းနဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကို စစ်မေး စရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ကပြုစုထားတဲ့စားရင်းတွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ့ ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့အထိ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးအတွင်း သေဆုံးသူ ၉၂ ဦး ရှိသွားပြီဖြစ်ပါတယ်။